စစ်ကောင်စီတပ်အစောင့်ချထားသည့် ရွှေဘိုမြို့ မြန်မာ့စီးပွါးရေးဘဏ် ကင်းဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

By MTO (မဇ္ဈိမ)
20 October 2023
စစ်ကောင်စီတပ်အစောင့်ချထားသည့် ရွှေဘိုမြို့ မြန်မာ့စီးပွါးရေးဘဏ် ကင်းဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်
ပုံအညွန်း - ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

စစ်ကိုင်တိုင်း ၊ ရွှေဘိုမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ် ကင်းဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“တလုံးက ဘဏ်ရှေ့က စကစတွေရှိတဲ့ ဘန်ကာထဲကိုကျပြီး တလုံးကတော့ ဘဏ်ရဲ့ နောက်ဖေးနားကိုကျတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးကတော့ ကျနော်တို့ ထုပြီးပြီးချင်းဆုတ်ခွာခဲ့ရပြီး သတင်းကြားသိရတာတော့ တကောင်သေတယ်လို့တော့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုတော့ မသိရပါဘူး” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရွှေဘိုမြို့ပေါ် နေရာအချို့တွင် လုံခြုံရေးတိုးမြှင့်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရဲဘော်ဗလကြီးက ဆိုသည်။

"တိုက်ခိုက်မှု့အပြီးမှာ ကောလိပ်ဂွေ့ဟောင်းကနေ ဘဏ်ရှေ့ထိ အိမ်စီးကား ၁၀ စီးနဲ့တန်းစီ ရောက်လာပြီး လုံခြုံရေးယူထားတယ်လို့ သိရတယ်ဗျ။ စကစ တွေက ကျနော်တို့ ထုပြီး ညနေပိုင်းမှာ
ရပ်ကွက်တွေဘက်ကို ပတ်နင်းပြီး ရှာနေတယ်လို့လည်း သိရပါတယ်"ဟု ၎င်းကပြောသည်။

ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် နောက်ပိုင်းကာလများတွင် မြို့ပေါ် မစ်ရှင်များကို တိုးမြှင့်ဆောင်ရွက်သွားရန် ရှိနေသည့်အတွက် မြို့နေ ပြည်သူလူထုများ အနေဖြင့်လည်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် နီးကပ်သည့် နေရာများကို ရှောင်ရှားသွားလာကြပါရန်လည်း  သတိပေးတိုက်တွန်းထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့
#စစ်ကောင်စီတပ်
#ပစ်ခတ်တိုက်ခိုက်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required