မြေရှားသတ္တု တန်ချိန် ၁၃,၀၀၀ ကျော်နှင့်အတူ လူ ၆ ဦးကို ဗီယက်နမ် ဖမ်းဆီး 

By The Straits Times 
20 October 2023
မြေရှားသတ္တု တန်ချိန် ၁၃,၀၀၀ ကျော်နှင့်အတူ လူ ၆ ဦးကို ဗီယက်နမ် ဖမ်းဆီး 

ဗီယက်နမ်ရဲတပ်ဖွဲ့သည် နိုင်ငံ၏ မြေရှားသတ္တုလုပ်ငန်း ဖွံ့ဖြိုးရေး အကြီးစားအားထုတ်မှု၏ အခရာတွင် ရှိသော ကုမ္ပဏီတခုမှ ဥက္ကဋ္ဌအပါအဝင် လူခြောက်ဦးကို သတ္တုတူးဖော်မှု စည်းမျဉ်းများ ချိုးဖောက်သည်ဆိုကာ  ဖမ်းဆီးပြီး မြေရှားသတ္တု တန်ချိန် ၁၃,၇၁၅ တန်ကို သိမ်းဆည်းရမိသည်။ 

ဖမ်းဆီးသူများတွင် Vietnam Rare Earth JSC (VTRE) ၏ ဥက္ကဋ္ဌဖြစ်သူ လူအန်းတျန်လည်း ပါဝင်ပြီး ၎င်းသည် ဗီယက်နမ်မြောက်ပိုင်း ယန်ဘိုင်းပြည်နယ်ရှိ သတ္တုတွင်းတခုကို လုပ်ကိုင်နေသော Thai Duong Group နှင့် မြေရှားသတ္တု အရောင်းအဝယ် ပြုရာ၌ အခွန်ပေးဆောင်ရမှုကို အတုလုပ်သည်ဟုစွဲဆိုထားကြောင်း အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။ 

VTRE သည် ဩစတြေးလျ သတ္တုကုမ္ပဏီ Australian Strategic Materials (ASM) နှင့် Blackstonr Minerals တို့နှင့် မိတ်ဖက်ဖြစ်ပြီး ယင်းကုမ္ပဏီများက စုံစမ်းစစ်ဆေးမှုထဲ မပါဝင်ပေ။ 

လိုင်ချူပြည်နယ်ရှိ နိုင်ငံ၏ အကြီးဆုံး သတ္တုတွင်း Dong Pao တွင် လုပ်ကိုင်ခွင့်ရရန် Blackstone က VTRE နှင့် မိတ်ဖက်ပြုရန် သဘောတူထားခြင်းဖြစ်ကြောင်း စက်တင်ဘာလက အများပြည်သူသို့ ထုတ်ပြန်ချက်တရပ်၌ ဆိုထားသည်။ 

၂၀၂၃ နှောင်းပိုင်းတွင် ဆောင်ရွက်မည့် တင်ဒါအနိုင်ရရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရှိမည့် ရင်းနှီးမြှုပ်နှံထားသည်ဟု Blackstone အမှုဆောင်တဦးက ရိုက်တာသို့ ပြောသည်။ 

ASM ကုမ္ပဏီသည်လည်း ၂၀၂၃ တွင် သန့်စင်ပြီး မြေရှားသတ္တု တန်ချိန် ၁၀၀ ဝယ်ယူရေးအတွက် VTRE နှင့် ဧပြီလအတွင်းက သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး ကာလရှည် မြေရှားသတ္တု တင်သွင်းရေး သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းရန်လည်း ကတိခံထားသည်။ 

ဖမ်းဆီးခံရသည်ဆိုသော လူအန်းတျန်ဆီ သောကြာနေ့က ဖုန်းဆက်သွယ်ရာ၌ ပြန်လည်ဖြေဆိုခြင်း မရှိပေ။ VTRE ၏ ဟနွိုင်းရှိ ရုံးက ပိတ်ထားသည်မှာ ရက်ကြာမြင့်ပြီဟု ယင်းရုံးထဲရှိ လူတဦးက ပြောဆိုသည်။ 

သဘောတူညီချက်များ ဆက်ရှိနေမည်လားဆိုသည့် အမေးကို ဩစတြေးလျ ကုမ္ပဏီနှစ်ခုက လက်ငင်းတုံ့ပြန်ခြင်း မရှိပေ။ ဟနွိုင်းရှိ ဩစတြေးလျကုမ္ပဏီကလည်း ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။ 

ယန်ဘိုင်းပြည်နယ် မိုင်းတွင်းမှ ထုတ်ယူသော သတ္တုများ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် တရားမဝင် ရယူခြင်းအတွက် Thai Duong Group ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါင်ဗန်ဟွန်းလည်း ဖမ်းဆီးခံရသည်။ 

Thai Duong Group သို့ သောကြာနေ့က ဆက်သွယ်ရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ကားနှင့် လေတာဘိုင်များတွင် မရှိမဖြစ် အသုံးပြုသည့် တွင်းထွက်သတ္တုများ ကမ္ဘာတွင် ဒုတိယအများဆုံး ရှိနေနိုင်သော မြေရှားသတ္တုတွင်းများ အကြီးစား တူးဖော်ရေးအတွက် လုပ်ကိုင်ခွင့်ရရေး လေလံဆွဲခြင်းများကို လုပ်ဆောင်ရန် စီစဉ်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required