တနင်္သာရီတွင် စစ်ကောင်စီ အမြောက်တပ် ပစ်ခတ်မှုကြောင့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊  အမျိုးသမီး ၁ ဦးဒဏ်ရာရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 October 2023
တနင်္သာရီတွင် စစ်ကောင်စီ အမြောက်တပ် ပစ်ခတ်မှုကြောင့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊  အမျိုးသမီး ၁ ဦးဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူနှင့် လက်နက်ကြီးကျည်ပုံ(ဓာတ်ပုံ- ပေးပို့)

 တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီတပ် အမြောက်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တဦး နှင့်  စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာခဲ့ကြောင်း ဒေသခံများထံက သိရ သည်။

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ၊ မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ (၃၀၆) တပ်ရင်းသည် အောက်တိုဘာလ ၁၆ ရက်က စစ်ကြောင်းထိုးရာမှ ပြန်လာစဥ်  လမ်းကြောင်းရှင်းသည့်အနေဖြင့်  ထိုနေ့ ညနေ ၅ နာရီခွဲ အချိန်မှ ည  ၈ နာရီကျော်အချိန်ထိ   ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“အခုက သူတို့ဘက်က တိုက်ပွဲ ဖြစ်တာမျိုး မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်လို့ အချင်ချင်းတွေထိတာလည်း ရှိတယ်။  ကနဦး ကျွန်တော်တို့ သိရတာက ဒဏ်ရာ ပြင်းထန်တယ်လို့ ကြားရပြီး သုံးဦးစလုံး သေတယ်လို့လည်း တပ်နဲ့ နီးစပ်သူတွေဆီက သိရတယ်”လို့ အထက်ပါ သတင်း အရင်းမြစ်က ဆိုသည်။

ထိုလက်နက်ကြီးကျည်သည်  တပ်ရင်းအနီးရှိ မြို့ဟောင်းကျေးရွာမှ နေအိမ်ပေါ်သို့ ည ၈ နာရီခန့်တွင် ကျရောက်ပြီး ကိုလာဖွီဒင်(အသက် ၂၁ နှစ်)သည် ကျည်ထိမှန်သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူ အမျိုးသမီးမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။ ကိုလာဖွီဒင်မှာ ထိုနေ့ည ၉ နာရီတွင်   ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ထို့ပြင် တပ်ရင်းအနီး ကင်းပုန်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလည်း လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံက ဆိုသည်။ 

 စစ်ကောင်စီတပ်က လက်နက်ကြီး အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ဒေသခံ အမျိုးသား တဦးက “ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး။ စစ်တပ်က သူတို့ တပ်ရင်းကို ပြန်လာတဲ့ အချိန်မှာ PDF တွေ လာရောက် တိုက်ခိုက်မှာကို စိုးရိမ်ပြီး အရှေ့ပြေး အနေနဲ့ လက်နက်ကြီးတွေကို ရမ်းသန်း ပစ်ခတ်ပြီး ဝင်လာလို့ ဖြစ်တာပါ”ဟု ပြောသည်။

လက်နက်ကြီး ကျည်ကျ ရောက် ပေါက်ကွဲခဲ့သည့် မြို့ဟောင်းရွာသည် အမြောက်တပ်ရင်းနှင့် ကိုက် ၃၀၀ ခန့်ကွာဝေးကြောင်း ဒေသခံများက ဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မော်တုန်းကျေးရွာဘက်သို့ အမြောက် (၃၀၆) တပ်ရင်းက ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက် သေဆုံးသူများ ရှိကြောင်း ဒေသခံများက ဆို သည်။

တနင်္သာရီမြို့နယ် သည်၊ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာ အချို့ကို လက်နက်ကြီးဖြင့် မကြာ ခဏ ပစ်ခတ်နေသလို နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများလည်း မကြာ ခဏ ဖြစ်ပွားလေရှိနေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြိတ်ခရိုင်
#အမြောက် ၃၀၆ တပ်ရင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required