စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တနိုင်တပိုင်ရွှေတူးဖော်သူများအား စစ်ကောင်စီတပ်က အဓမ္မငွေကြေး ကောက်ခံ

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တနိုင်တပိုင်ရွှေတူးဖော်သူများအား စစ်ကောင်စီတပ်က အဓမ္မငွေကြေး ကောက်ခံ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ တနိုင်တပိုင် ရွှေတူးဖော်နေသူများထံ မှ စစ်ကောင်စီတပ်ဖွဲ့က အတင်းအဓမ္မ ငွေကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံများကပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်တောင်းခံနေပြီး စဉ့်ကူးမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခန့်က ရွှေတူးဖော်သည့်နေရာများသို့ စစ်ကားနှစ်စီးဖြင့် လာရောက်တောင်းခံခြင်းဖြစ်သည်။

“ကျနော်တို့ဘက်တော့ ဒီနေ့မှရောက်လာတာ။ ၁၀ သိန်းကနေ သိန်း ၅၀ အထိ တောင်းတယ်။ ညှိနှိုင်းတာ ဘာညာ မရှိဘူး။ မပေးနိုင်ရင် လူတော့မဖမ်းဘူး၊ ပစ္စည်းတွေသိမ်းတယ်” ဟု စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအထက်တွင် ရွှေတူးဖော်နေသူတဦးက ပြောသည်။

“ရွှေတူးတယ်ဆိုပေမယ့် မိရိုးဖလာ တနိုင်တပိုင်ပါဗျာ။ မိသားစုစားဝတ်နေရေးအတွက် လုပ်နေကြသူများ ပါတယ်။ တနေကုန်လုပ်မှ ထမင်းဖိုးဟင်းဖိုးရတာပါ။ သူတို့တောင်းသလောက် မပေးနိုင်သူများပါတယ်” ဟု သပိတ်ကျင်းမြို့နယ်မှ ဒေသခံတဦးကလည်း ပြောသည်။

သပိတ်ကျင်းမြို့နယ်တွင် တနိုင်တပိုင် ရွှေတူးဖော်သူ ၁၀၀ နီးပါးရှိပြီး စဉ့်ကူးမြို့နယ်တွင် ၂၀၀ ကျော်ရှိ ကြောင်း ဒေသခံများအဆိုရ သိရသည်။

“သပိတ်ကျင်းက နည်းတယ်ဗျ။ စဉ့်ကူးက ရွှေအတော်အသင့်ရတော့ တူးတဲ့သူများတယ်။ ရွှေရတယ်ဆို တာကလည်း နေ့တွက်လောက်ပါပဲ။ တနေကုန်ကျင်ရ၊ တိုက်ရမှ ၂၀,၀၀၀ ပတ်ဝန်းကျင်ပါပဲ။ တကယ် ထွက်တဲ့နေရာတွေက ကုမ္ပဏီနဲ့ ဦးပိုင်ပဲ ယန္တယားတွေနဲ့တူးနေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ ငွေကြေးတောင်းခံရာတွင် မပေးနိုင်သည့် ရွှေတူးဖော်သူအများစုက ပစ္စည်းများထားကာ ထွက်ပြေး ကြကြောင်းသိရသည်။ ကျန်ရှိနေသည့် ရေစုတ်စက်၊ ပိုက်၊ မျောစင်များနှင့် သံတူရွင်းစသည့်တို့ကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်း ဒေသခံများကဆိုသည်။

“ကျနော်က ပြေးချိန်မရလို့ ပေးလိုက်ရတယ်။ တကယ်တော့ မပေးချင်ဘူး။ ၁၅ သိန်းပေးလိုက်ရတယ်။ ဒီ ဘက်မှာ ရှစ်ဦးပေးလိုက်ရတယ်” ဟု စဉ်ကူးမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ရွှေတူးဖော်သူတဦးကပြော သည်။

ထွက်ပြေးသူများနှင့် ငွေမပေးသူများကို စာရင်းကောက်ယူပြီး ထပ်မံလာရောက်မည်ဟုပြောကြားသွား၍ ဒေသခံများ စိုးရိမ်လျက်ရှိကြသည်။

စဉ့်ကူးမြို့နယ်အတွင်း နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကံတောင်၊ ရှောက်ပင်ရိုး၊ ဆည်ကြီး၊ တောင်ကိုင်း၊ ငါးပြားပေးစသည့် ရွှေတူးဖော်သည့်နေရာများကို ဝင်ရောက်တောင်းခံသွားပြီး သပိတ်ကျင်းမြို့နယ်တွင် ရေထွက်၊ ကျောက်ကြီးစသည့် နေရာများ၌ တောင်းခံသွားခြင်းဖြစ်သည်။

လာရောက်တောင်းခံသည့် စစ်ကောင်စီတပ်ဖွဲ့မှာ စဉ့်ကူးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသည့်တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စာတည်း။ ။စောဖေ

#mizzima

#မန္တလေးတိုင်း

#အဓမ္မငွေကြေးကောက်ခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required