ကျိုက်ထိုတွင် KNU/KNLA (PC) တပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်ခံရပြီး သေဆုံး

By YT (မဇ္ဈိမ)
17 October 2023
ကျိုက်ထိုတွင် KNU/KNLA (PC) တပ်ဖွဲ့ဝင်ဟောင်း ပစ်ခတ်ခံရပြီး သေဆုံး
ပုံအညွှန်း - ကျိုက်ထိုမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- KNU)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် နေထိုင်သည့် KNU/ KNLA (PC)တပ်ဖွဲ့ဝင်ဟောင်း အောက်တိုဘာလ ၁၅ ရက် ညနေ ၃ နာရီအချိန်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံက သိရသည်။

အင်္ဂဘိုကျေးရွာရှိ နေအိမ်ခြံသို့ သွားရောက်ပြီး အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။

"ရွှေ KTV ပိုင်ရှင်ပေါ့။ သူ့ဆိုင်ကိုလည်း ရဲတွေ စကစတွေက လာနေကျ။ သူကလည်း PC ကနေ ဝင်လိုက် ထွက်လိုက် လုပ်နေတာ။ အစုံလုပ်တယ်၊ ဘလက်(လိုင်စင်မဲ့)ကားတွေ သွင်းတယ်။ ဆေးလည်း လုပ်တယ် " ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်ခံရသူသည် KNU/ KNLA (PC) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိစစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လောင်းကစားများ၊ တရားမဝင် စီးပွားရေးများ ပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံတဦး၏ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသူသည် စောနန်းဦး(ခ)အောင်မျိုးလွင်( အသက် ၆၂ နှစ် ) ဆိုသူဖြစ်ပြီး ၎င်း၏ကျောနှင့် ခါးတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားပြီး မိနစ် ၂၀ အကြာတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ စောနန်းဦး၏ အမျိုးသမီးနှင့် သားသမီးသုံးဦးတို့ အတူရှိကြသော်လည်း ၎င်းတို့တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်တဦးက စောနန်းဦးအား တော်လှန်ရေးတပ်ဖွဲ့တခုက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသော်လည်း မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားခြင်း ဖြစ်သည်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်းသတင်းရင်းမြစ်တဦး၏ ပြောကြားချက်အရ စောနန်းဦး၏ ပစ္စတိုသေနတ်ကို လာရောက်ပစ်ခတ်သည့်အဖွဲ့က သိမ်းဆည်းသွားကြောင်း သိရသည်။

ဩဂုတ်လ ၂၄ ရက်ကလည်း နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်ဝင်းစိုးနှင့် ၎င်း၏ အမျိုးသမီး စီးနင်းလာသည့်ကားအား ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအနီးတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)နှင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်ခဲ့ရာ အဆိုပါ BGF ဗိုလ်နှင့် ဇနီးဖြစ်သူတို့ သေဆုံးသွားသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မွန်ပြည်နယ်

#ကျိုက်ထိုမြို့နယ်

#ပစ်ခတ်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required