ယင်းမာပင်မြို့နယ်တွင် ဆယ်တန်းကျောင်းသား ၂ဦး အပါအဝင် ဒေသခံ ၆ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားဟုဆို

By MTO (မဇ္ဈိမ)
16 October 2023
ယင်းမာပင်မြို့နယ်တွင် ဆယ်တန်းကျောင်းသား ၂ဦး အပါအဝင် ဒေသခံ ၆ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားဟုဆို
ပုံအညွှန်း-စစ်ကြောင်းထိုးလာသည့်အတွက်တိမ်းရှောင်နေကြသည့် ခင်ဦးမြို့နယ်ကဒေသခံများ။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် သဲကုန်းကျေးရွာက ဆယ်တန်းကျောင်းသား နှစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံကပြောသည်။

“တချို့ အရင်ဝင်ကြည့်တယ် ။ ရွာထဲမှာတကယ်လည်း မတွေ့ရတော့ ဘေးကင်းပြီ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ထွက်သွားပြီဆိုပြီး ရွာထဲပြန်ဝင်ကြတာ ။ အဲ့မှာ ပုန်းခိုနေတဲ့နေရာတွေကထွက်ပြီး ပြည်သူတွေကို  ဖမ်းလိုက်တာ အဲ့ထဲကမှ အမျိုးသား ခြောက်ဦးကို သတ်သွားတာ။  ရိုးရိုးသေနတ် နဲ့ ပစ်သတ်တာတောင်မဟုတ်ဘူး။  ဦးခေါင်းကို တင်းပုတ်လိုဟာနဲ့ ကျေနေအောင်ရိုက်ပြီး သတ်သွားတာ” ဟု ဒေသခံက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဲကုန်းကျေးရွာကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်း ခံရသူများသည် သဲကုန်းရွာသားများဖြစ်ပြီး ဆယ်တန်း ကျောင်းသားနှစ်ဦး ပါဝင်ကာ ကျန်လေးဦးမှာ အသက် ၃၅ နှစ်အောက် လူငယ်များ ဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

သဲကုန်းကျေးရွာသို့ မဝင်ရောက်မီ စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲ  ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုများပြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့ဘက်က ထိခိုက်တာက သေချာပေါက်ရှိတယ်။  ဒီနေ့ မနက် သဲကုန်းကနေ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ထွက်တဲ့အချိန်မှာ ထမ်းစင်တွေနဲ့ ထမ်းသွားတာတွေ ပါတယ်လို့ ပြောတယ်။ အဲ့လိုမျိုးသူတို့ ထိခိုက်သွားလို့ ရက်ရက် စက်စက်လုပ်တာဖြစ်နိုင်တယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်သည် ယနေ့ အောက်တိုဘာလ ၁၆ ရက် မနက်ပိုင်းတွင် သဲကုန်း ကျေးရွာမှ ရင်ပေါင်တိုင် ကျေးရွာနှင့် မြင်သာကုန်း ရွာများဘက်သို့  ထွက်ခွာသွားပြီဖြစ်ပြီး စစ်ကြောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ခံ ရသူများလည်း ရှိနေကြောင်း ဒေသခံထံက သိရသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ကျေးရွားအတွင်းတွင် မိုင်းထောင်ခြင်း အထွက်ပြပြီး ကင်းပုန်းဝပ် ဖမ်းဆီးခြင်းများ ပြုလုပ်လာသည့်အတွက် ဒေသခံများအနေဖြင့် ကျေးရွာအတွင်းသို့ အလျင်စလို ဝင်ရောက်ခြင်းမပြုဘဲ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးမှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်သင့်ကြောင်း ကာကွယ်ရေးအဖွဲ့များက အကြံပြုထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#သတ်ဖြတ်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly