မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းမှုကို ကာတာမှ ရှိတ်ဂျာဆင် ရုပ်သိမ်း

By By PKThawn
15 October 2023
မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းမှုကို ကာတာမှ ရှိတ်ဂျာဆင် ရုပ်သိမ်း
ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်ပြီလို့ BBC သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
 
ရွေးချယ်စရာတွေထဲမှ တခုဖြစ်တဲ့ အပြည့်အဝရောင်းချခြင်းအပါအဝင် "ကလပ်ရဲ့ တိုးတက်ကြီးထွားမှုကို မြှင့်တင်ဖို့အတွက် ဗျူဟာမြောက်ရွေးချယ်စရာတွေ"ကို ရှာဖွေနေကြောင်း ယူနိုက်တက်က လွန်ခဲ့တဲ့တစ်နှစ်နီးပါးက ကြေညာခဲ့ပါတယ်။
 
ဒီနှစ်အစောပိုင်းမှာ အကြိမ်များစွာ ကမ်းလှမ်းပြီးနောက် ရှိတ်ဂျာဆင်နဲ့ ဗြိတိန်ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ်တို့ဟာ ဦးဆောင်သူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် လက်ရှိပိုင်ရှင်တွေအပေါ် ပရိသတ်ရဲ့ ဒေါသဖြစ်လင့်ကစား ဂလေဇာမိသားစုက မကြာသေးခင်လတွေအတွင်း ဒီလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပါတယ်။
 
Daily Mail ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ အခုအခါ ကလပ်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၅ ဘီလီယံ (ဒေါ်လာ ၁.၇ ဘီလီယံ)ဝန်းကျင်ဖြင့် ရယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
 
ဂလေဇာတို့ဟာ ၂၀၀၅ မှာ စတာလင်ပေါင် သန်း ၇၉၀ (ဒေါ်လာ ၉၆၁ သန်း) ဖြင့် လွှဲပြောင်းရယူခဲ့ပြီးကတည်းက အင်္ဂလိပ်ဘီလူးကြီးတွေကို ပိုင်ဆိုင်ထားခဲ့ကာ ကလပ်အသင်းကို အကြွေးများစွာတင်ခဲ့ပါတယ်။
 
မတ်လက ကိန်းဂဏန်းတွေအရ ယူနိုက်တက်ရဲ့ အကြွေးဟာ ပေါင် သန်း ၉၇၀ အထိ တိုးလာကြောင်း ပြသခဲ့ပါတယ်။
 
ရှိတ်ဂျာဆင်ရဲ့ ကမ်းလှမ်းမှုဟာ ယူတိုက်တက်ကို အပြည့်အဝထိန်းချုပ်ဖို့ဖြစ်ပြီး ကလပ်ရဲ့ ချေးယူမှုတွေကို ရှင်းပေးဖို့ ကတိပြုခဲ့ပါတယ်။
 
သူ့ရဲ့ ကမ်းလှမ်းမှုဟာ ပေါင် ၅ ဘီလီယံ တန်ကြေးရှိတယ်လို့ BBC က ဖော်ပြခဲ့ပေမယ့် နောက်ထပ် ဆွေးနွေးမှုတွေကို ယခုသီတင်းပတ်မှာ ပျက်ပြားသွားခဲ့ရပါတယ်။
 
ဆန့်ကျင်ဘက်အားဖြင့် ရက်ကလစ်ဖ်ဟာ ဂလေဇာရဲ့ ပေါင် ၆ ဘီလီယံတောင်းဆိုတဲ့ ဈေးနှုန်းနဲ့ ပတ်သက်လို့ သောင်တင်ရေမကျဖြစ်မှုကို ချိုးဖျက်ဖို့ အသေးစားအစုရှယ်ယာတစ်ခုကို ဝယ်လိုကြောင်း သိရပါတယ်။
 
ရေနံဓာတုပစ္စည်းကုမ္ပဏီကြီး Ineos ကို တည်ထောင်သူ ရက်ကလစ်ဖ်ဟာ ငယ်ကတည်းက ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်ပြီး အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ အစုစုကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
 
Ineos ဟာ ပြင်သစ်ကလပ် နိုက်နဲ့ ဆွစ်ဇာလန်ကလပ် Lausanne-Sport တို့အပြင် စက်ဘီးစီးအသင်း Ineos Grenadiers ကို ဦးဆောင်ကာ Mercedes Formula One အဖွဲ့ရဲ့ အဓိကစပွန်ဆာလည်းဖြစ်ပါတယ်။
 
ဂလေဇာတွေရဲ့ ပိုင်ဆိုင်မှုသက်တမ်းအောက်မှာ ယူနိုက်တက်ရဲ့ ကံကြမ္မာတွေကလည်း ကွင်းတွင်းမှာ မှေးမှိန်သွားပြီဖြစ်ပါတယ်။
 
နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်ဟာ ၂၀၁၃ မှာ အနားယူခဲ့ပြီးနောက်ပိုင်း သရဲနီတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၈ မှာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့ပါတယ်။
 
သူတို့ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၁၀) နေရာမှာ ရပ်တည်နေပြီး ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် သူ့တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် (၂) ပွဲစလုံးကို ရှုံးနိမ့်ထားပါတယ်။
 
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ယူနိုက်တက်ရဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းအတွက်လည်း ပရိသတ်တွေ စိတ်ပျက်နေကြရပါတယ်။
 
အိုးထရက်ဖို့ဒ်ဟာ အင်္ဂလန်ရှိ အကြီးဆုံးကလပ်ဘောလုံးကွင်းအဖြစ် ဆက်လက်တည်ရှိနေပေမယ့်လည်း သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့အပြိုင် အဆောက်အဦတွေမှာ လိုက်လျောညီထွေဖြစ်စေဖို့အတွက် သိသာထင်ရှားတဲ့ ပြန်လည်ပြင်ဆင်မှုတွေ လိုအပ်နေပါတယ်။
 
ယူကေနဲ့ အိုင်ယာလန်တို့ရဲ့ ယူရို ၂၀၂၈ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှု အောင်မြင်တာကြောင့် မန်ချက်စတာစီးတီးရဲ့ အီးတီးဟတ်ကွင်းကို ဦးစားပေးပြီး ယူနိုက်တက်ရဲ့ အိမ်ကွင်းကို လျစ်လျူရှုထားလိုက်ပါတယ်။
 
၂၀၀၈ မှာ အဘူဒါဘီရဲ့ မိသားစုအဖွဲ့ဝင် ရှိတ်မန်ဆော်မှ လွှဲပြောင်းရယူပြီးနောက်ပိုင်း လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးရဲ့ ကံကြမ္မာတွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။
 
ဆော်ဒီရဲ့ အချုပ်အခြာအာဏာ ကြွယ်ဝမှုရန်ပုံငွေကြေးမှလည်း နယူးကာဆယ်မှာ ထိန်းချုပ်ထားတဲ့ အစုရှယ်ယာတစ်ခုကို ၂၀၂၁ မှာ ဝယ်ယူခဲ့ပါတယ်။
 
ဒါပေမယ့် ကာတာဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ သားဖြစ်သူ ရှိတ်ဂျာဆင်ရဲ့ ကမ်းလှမ်းမှုဟာ ပရီးမီးယားလိဂ်မှာ နိုင်ငံ့သြဇာလွှမ်းမိုးမှု ကြီးထွားလာမှု အလားလာအပေါ်  စိုးရိမ်ပူပန်မှုဖြစ်စေခဲ့ပါတယ်။
 
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က သူတို့တွေ "နောက်ထပ် sportswashing အတွက် အခွင့်အရေး မပေးမိ"ဖို့ ပရီးမီးယားလိဂ် ပိုင်ဆိုင်မှု စည်းမျဉ်းတွေကို သေချာ တင်းကျပ်ဖို့ တောင်းဆို ထားပါတယ်။
 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required