သာစည်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ

By 007(မဇ္ဈိမ)
15 October 2023
သာစည်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ
ပုံအညွှန်း၀ သာစည်မြို့အဝင်ဆိုင်းဘုတ် (ဓာတ်ပုံ-  CJ)

သာစည်မြို့နယ်တွင်  ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်က  ကျေးရွာခွဲ အုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ အလည်ကန်ကျေးရွာအုပ်စု ၊ သန်းတောကျေးရွာတွင်၊ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ ဦးကျောက်ခဲ (အသက် ၅၈ နှစ်) သည် ၎င်း၏ လယ်တောမှ နေအိမ်သို့ပြန်လာစဉ်  နေအိမ်အနီးတွင် သေနတ် အတို၊အရှည်များ ကိုင်ဆောင်ထားသည့် လူခုနစ်ဦးက သေနတ်ဖြင့်  အနီးကပ် ပစ်ခတ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက အတည်ပြုသည်။

“လူခုနစ်ယောက်လောက်က သေနတ်တွေနဲ့ ဝိုင်းပစ်ပြီး ထွက်ပြေးသွားတာ။  ဦးကျောက်ခဲက လယ်တောကနေ အိမ်ပြန်အလာကို စောင့်ပစ်သွားကြတာလို့ပြောတယ်။  ပွဲချင်းပြီး သေတာပါ” ဟု မိတ္ထီလာမြို့ခံ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောသည်။

ဦးကျောက်ခဲတွင်  ကျည်ထိမှန်ဒဏ်ရာ ငါးချက် ထက်မနည်းရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း၊ ၎င်းသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး၊ စစ်တပ် ထောက်ခံသူကျေးရွာခွဲအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

“တပ်မတော်(မူရင်းအတိုင်း)ထောက်ခံပွဲလုပ်ရင် သူက လူစုပေးတဲ့ အလုပ်ကို တတ်တတ်ကြွကြွလုပ်ပေးတတ် သူပါ” ဟု  သေဆုံးသူနှင့် နီးစပ်သူတဦးက ပြောသည်။

ထိုပစ်ခတ်မှုကို မည်သည့်အဖွဲ့က  မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

မိတ္ထီလာခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊  သုံးဒေါင့်အိုင်ကျေးရွာမှ ကြံ့ခိုင်ရေး ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးထီလာ  နှင့် ကျေးရွာခွဲတာဝန်ခံ ဦးနေမင်းထွန်း သတ်ဖြတ်ခံခဲ့ရသေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း  ကြံ့ခိုင်ရေးပါတီဝင် ၁,၃၀၀ ကျော် အသတ်ခံထားရသည့်အတွက်  ပါတီဝင်များအနေဖြင့် လုံခြုံရေး ဂရုပြုရန် ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော အာဏာသိမ်းအပြီး အသတ်ခံရသည့် ပါတီဝင်များကို ဂုဏ်ပြုသည့် မော်ကွန်း အထိမ်းအမှတ် ကျောက်တိုက်ဖွင့်ပွဲတွင် ပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြောခဲ့သည်။

ထို့နောက်ပိုင်းတွင် ပါတီဝင်များ ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိတော့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် NLD ပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

စာတည်း။    ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required