ဂျပန်တွင် လုပ်ငန်းခွင်အတွင်း သံတုံးပိ၍ မြန်မာလုပ်သား ၁ ဦး သေဆုံး

By ကီရာ (မဇ္ဈိမ)
09 October 2023
ဂျပန်တွင် လုပ်ငန်းခွင်အတွင်း သံတုံးပိ၍ မြန်မာလုပ်သား ၁ ဦး သေဆုံး

ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအတွင်း အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တဦး သုံးတန်ခန့်အလေးချိန်ရှိသည့် သံတုံးပိ၍ သေဆုံးသွားကြောင်း ဂျပန်ရောက် မြန်မာလူမျိုးများထံမှ သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လုပ်ငန်းခွင်အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသည့် မြန်မာရွေ့ပြောင်းလုပ်သားမှာ ရေစကြိုမြို့နယ်မှ အသက်၂၈ နှစ်အရွယ် ကိုထက်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင် အလုပ်သမားအဖြစ် လာ ရောက်လုပ်ကိုင်နေသည်မှာ တနှစ်ကျော်ခန့်သာရှိသေးကြောင်း လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

လတ်တလောတွင် ဂျပန်ရောက် မြန်မာလူမျိုးများမှ ဝိုင်းဝန်းကူညီပေးရန် ကြိုးစားနေကြကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ် သတိပြုကြရန် NLD စည်းရုံးရေးကော်မတီ(ဂျပန်)မှ စည်းရုံးရေးမှူး ဦးခင်အောင် က ပြောသည်။

“မိဘကျေးဇူးဆပ်ချင်တဲ့သူတွေဖြစ်ပေမယ့်လို့ ဒါတွေက ဖြစ်တတ်တာမို့ သတိထားစေချင်ပါတယ်” ဟု ဦခင်အောင်က သတိပေးသည်။

“လုပ်ငန်းခွင်ထဲမှာ သုံးတန်လောက်ရှိတဲ့သံတုံးပိပြီး သားလေးကိုထက်သေသွားပြီတဲ့၊ အမေတို့ကို ကျေးဇူး ဆပ်ချင်လို့ ဂျပန်ကို သွားရောက်အလုပ်ကြိုးစားလုပ်တာ တနှစ်ကျော်လေးပဲရှိသေးတာ၊ အမေတို့ မိသားစု ကိုလည်း ပုံမှန်ငွေပို့ပြီး မိသားစုကိုလည်း စောက်ရှောက်ပေးနေတဲ့ သားလေးပါ၊ အခုတော့ ရုပ်ပျက်ဆင်း ပျက်ဆုံးသွားပြီ၊ အမေတို့က အညာရေစကြိုကပါ ဘာမှဆက်မလုပ်တတ် ကူကြပါကယ်ကြပါ”ဟု မိသားစု ဝင်တဦးကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံသို့ အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ ကျွမ်းကျင်လုပ်သားဗီဇာနှင့် အလုပ်သင်ဗီဇာများဖြင့် အများဆုံး လာရောက်ကြသည်။

ယင်းအနက် အလုပ်သင်ဗီဇာဖြင့် လာရောက်ကြသည့် ‌အမျိုးသားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်း ဖြင့် လာရောက်ကြပြီး  လုပ်ငန်းခွင်တွင်း အခက်အခဲများကြောင့် အများဆုံးထွက်ပြေးသူများသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သင် လုပ်သားများဖြစ်ကြောင်း ဂျပန်ရောက် မြန်မာများက ပြော သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required