စကစနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူနေအိမ်ကို ဗုံးပစ်တိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
02 October 2023
စကစနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူနေအိမ်ကို ဗုံးပစ်တိုက်ခိုက်

ရန်ကုန်မြို့ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူ နေအိမ်ကို မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ဗုံးနှစ်လုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (USO)က ထုတ်ပြန်သည်။

ဦးဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ယမန်နေ့ အောက်တိုဘာလ ၁ရက် ည ၉ နာရီ ၂၆ မိနစ်တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ အိမ်သည် ကမာရွတ်မြို့နယ်၊ အောင်မြေသာစည်အိမ်ရာ၌ ရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုနောက်ဆက်တွဲအား မသိရသေးသော်လည်း ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း Urban Special Operation (USO)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၌ တင်သစ္စာလွင်၊ လင်းမာလာလွင် ၊ လင်းမင်းမောင်လွင်ဟူသော သားသမီးသုံးဦးရှိသည်။ လင်းမင်းမောင်လွင်သည် လူထုအပေါ် စစ်ကောင်စီ၏  အကြမ်းဖက်မှုအသုံးစရိတ်များနှင့် နိုင်ငံခြားစီးပွားရေးများအတွက် အကျိုးအမြတ်ရှာဖွေပေးနေသူဖြစ်ကြောင်းUSOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမကြီးအနီးနေထိုင်သူတဦးက
" ညဘက်မှာတော့ ပေါက်ကွဲသံ အကျယ်ကြီးကြားတယ်။ မကြာခဏကြားနေရတာဆိုတော့ သိပ်မထူးဆန်းဘူး။ ဝဏ္ဏမောင်လွင်ရဲ့သားတွေအိမ် ဗုံးပစ်ခံရမှန်း မနက်ကမှ သိရတာ" ဟု ပြောသည်။

အောင်မြေသာစည်အိမ်ရာသည် ဗဟိုလမ်းမကြီးနှင့်အင်းစိန်လမ်းမကြီးကြား၌ ရှိသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက် စစ်ကောင်စီအာဏာသိမ်း နှစ်နှစ်ပြည့်နေ့၌ ဦးဝဏ္ဏမောင်လွင်ကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားပြီး ဦးသန်းဆွေကို အစားထိုးခဲ့သည်။ လက်ရှိ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးမှာ ဦးသန်းဆွေဖြစ်ပြီး ဦးဝဏ္ဏမောင်လွင်မှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်အဖြစ်ရှိနေဆဲဖြစ်သည်။

အောက်တိုဘာလ ၁ရက်နေ့ညက အထက်ပါ တိုက်ခိုက်မှုအပြင်  မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင် ရဲစခန်းကိုလည်း  ည ၉ နာရီ ၃၀ မိနစ်တွင် ဗုံးတလုံးပစ် တိုက်ခိုက်ခဲ့ကြောင်းUSOက ထုတ်ပြန်သည်။ရဲစခန်းအားတိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေအ‌နေကို မသိရသေးဟု USOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယင်းစစ်ဆင်ရေးနှစ်ခုမှာ Urban Special Operation (USO) ၏ ဒုတိယနှင့် တတိယအကြိမ်မြောက်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက် ညက တောင်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ ဒေါက်တိုင်စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးမြင့်၏ ရုံးခန်းအား ၄၀ မမ ဗုံးသီးဖြင့်တိုက်ခိုက်မှုသည်  ပထမဆုံးစစ်ဆင်ရေးဟု USO က ဆိုသည်။

စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်မြို့
#မြို့ပြအထူးစစ်ဆင်ရေး
#Urban Special Operation 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required