ကရင်နီစစ်ဘေးရှောင်များအတွက် မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
02 October 2023
ကရင်နီစစ်ဘေးရှောင်များအတွက် မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲပြုလုပ်

ကရင်နီဒေသရှိ စစ်ဘေးရှောင်များအတွက်ရည်ရွယ်ကာ နွေဦးအလင်္ကာမြန်မာမှုတေးဂီတအဖွဲ့မှ မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အောက်တို ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ဂီတဖျော်ဖြေပွဲတွင် မြန်မာမှုတေးဂီတအဖွဲ့နှင့် ပင်တိုင်တေးသံရှင်နှစ်ဦးနှင့် တယောဖိုးစံတို့က အပိုင်းနှစ် ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ကရင်နီပြည်နယ်၌ လတ်တလောတွင် ဖျားနာမှုများအဖြစ်များနေသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာ အဓိက လိုအပ်မှုရှိကြောင်း သိရသည်။ 

“အခုလောလောဆယ် ကရင်နီမှာ ဖျားနာနေမကောင်းဖြစ်ကြတယ်။ ဒါကတော့ တနိုင်ငံလုံးဖြစ်နေကြ တာပါပဲ။ ဒီမှာက စစ်ဘေးရှောင်စခန်းမှာ စုနေကြတဲ့အပြင် စာသင်ကျောင်းတွေက ဖွင့်ထားတာဆိုတော့ တယောက်ဖြစ်ရင် အကုန်ဖြစ်ကြတော့တာပဲ။

မျက်လုံးနီရောဂါခေါ်တာလား၊ မျက်လုံးနာကြတာတွေ လည်းကူးကြတယ်။ အဓိကတော့ အာဟာရအပြည့်အဝမရလို့ပါ။ အာဟာရမပြည့်တဲ့အချိန် တုပ်ကွေးက ပျံ့တော့ လှိမ့်ခံရတော့တာပဲ။ ကြားထဲ ဆေးဝါးတွေကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ လုပ်ပေးတဲ့ ဆေးခန်းတွေကတော့ တော်တော်လုပ်ပေးကြပါတယ်” ဟု ကရင်နီဒေသသို့ရောက်ရှိနေသော To Comorades - ရဲဘော်များသို့ အဖွဲ့ ဒုတိယအမှူဆောင်ဒါရိုက်တာ ရဲဘော်အာလူးက ပြောသည်။ 

“လက်မှတ်ဖိုးက မြန်မာငွေနဲ့တွက်ရင် ၂၅,၀၀၀ ပေါ့။ စျေးများတယ်လို့ထင်ရပေမယ့် ဖျော်ဖြေပွဲကိုလာ ကြည့်နိုင်တဲ့သူတွေဆို သိမှာပါ။ ကိုယ့်မြန်မာသံစဥ်တွေကို ဆန်းသစ်ထားတဲ့ပုံစံနဲ့ ပြန်နားထောင်ရတယ်။ တော်လှန်ရေးအတွက် လှူရမယ်ဆိုတာနဲ့တင် တန်တယ်။ ပွဲစီစဥ်သူတွေအနေနဲ့လည်း တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေကို တခုခုပြန်ပေးချင်တဲ့စေတနာကပေါ်လွင်လို့ ဒီလိုပွဲမျိုးလုပ်နိုင်တာ အရမ်းချီးကျူးတယ်၊ ကျေးဇူးတင်တယ်” ဟု ပွဲလာရောက်ကြည့်ရှုသူ အမျိုးသမီးတဦးက ပြောသည်။

ဂီတဖျော်ဖြေပွဲလက်မှတ်အား တစောင်လျှင် ဘတ် ၂၅၀ သတ်မှတ်ရောင်းချခဲ့ပြီး ပရိသတ်အများအပြား လာရောက်နားဆင်ခဲ့ကြောင်း သိရသည်။ 

ပုံအညွှန်း - မြန်မာ့ဂန္တဝင်နွေဦးသံစဉ် ဂီတရန်ပုံငွေဖျော်ဖြေပွဲ

ဓာတ်ပုံ - ဂန္ဒမာ

စာတည်း။ ။စောဖေ

#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#မြန်မာ့ဂန္တဝင်နွေဦးသံစဉ်
#ရန်ပုံငွေဂီတဖျော်ဖြေပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required