စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရ ကြောင်း BWU ထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
02 October 2023
စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရ ကြောင်း BWU ထုတ်ပြန်

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောရေးအတွင်းအပါအဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၂၀ဦး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWUက ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ တလအတွင်းတွင် သေဆုံးသွားရသည့် အမျိုးသမီးများသည် လက်နက်ကြီးကျည်ကြောင့် ငါးဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လေးဦး၊ အကြမ်းဖက်မှုကြောင့် နှစ်ဦးနှင့် စစ်ကြောရေးတွင်တဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ နှစ်ဦး၊ မိုးကုတ်မြို့နယ်မှ တဦး၊ တနင်္သာရီတိုင်း ပုလောမြို့နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ် တို့မှ အမျိုးသမီး တဦးစီ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း BWU က ထုတ်ပြန်သည့် ဇယားတွင်ပါရှိသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် မွန်ပြည်နယ်မှ အမျိုးသမီး ၂၀ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုမှ အမျိုးသမီး ကိုးဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူအမျိုးသမီး ၆၁၄ ဦးရှိကာ ဖမ်းဆီးထိမ်းသိမ်းခံရသူ အမျိုးသမီး ၃,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီး ၅၃၈ဦးရှိကြောင်း BWU က ထုတ်ပြန်ထားသည်။

ယင်းအရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ စုစည်းရရှိထားသည် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် လွတ်လပ်စွာပြောဆိုခွင့် ကျဆင်းနေသကဲ့သို့ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံအများဆုံး နိုင်ငံ ၅၀ အနက် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#BWU

#အမျိုးသမီး

ပုံအညွှန်း-အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဥ် (ဓာတ်ပုံ- ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required