ရုပ်ရှင်ဇာတ်ကားကြောင့် နာမည်ထိခိုက်သည်ဆိုကာ တရုတ်အပေါ် စစ်ကောင်စီ စိတ်ဆိုး 

ရုပ်ရှင်ဇာတ်ကားကြောင့် နာမည်ထိခိုက်သည်ဆိုကာ တရုတ်အပေါ် စစ်ကောင်စီ စိတ်ဆိုး 

လူကုန်ကူးမှုနှင့် လိမ်လည်မှု နေရာများအကြောင်း ရိုက်ကူးထားသည့် လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားတကားနှင့် ပတ်သက်ကာ နာမည်ဂုဏ်သိက္ခာကျရသည်ဆိုပြီး ရင်းနှီးသော မဟာမိတ် တရုတ်အပေါ် စစ်ကောင်စီက အပြစ်ပြောဆိုကြောင်း နိုင်ငံပိုင် မီဒီယာတွင် သောကြာနေ့က ဖော်ပြသည်။

တရုတ် လျှို့ဝှက်သည်းဖို ရုပ်ရှင် No More Bets ဇာတ်ကားသည် အမည်မဖော်သော အရှေ့တောင်အာရှ နိုင်ငံတခုသို့ ကွန်ပျူတာ ပရိုဂရမ်မာတဦး လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်သူတဦးအဖြစ် အဓမ္မ စေခိုင်းခံရသည့်အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။ 

ရုပ်ရှင်တွင် မြန်မာဟု နာမည်တပ် ဖော်ပြထားခြင်း မရှိသော်လည်း အခင်းအကျင်းမှာ မြန်မာနိုင်ငံ၏ ဥပဒေကင်းမဲ့သော မြောက်ပိုင်းဒေသများနှင့် ဆင်တူမှု ရှိနေသည်။ မြန်မာမြောက်ပိုင်း ဒေသများသည် တရုတ်နိုင်ငံသားများကို ဖျားယောင်းသွေးဆောင် လူကုန်ကူးကာ တပြည်တည်းသားများအား လိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံနေရသည်ဟု တရုတ်က ပြောထားသည်။ 

အဆိုပါ အွန်လိုင်းလိမ်လည်မှုများသည် နိုင်ငံတကာမှ သင်းကွဲနေသော စစ်ကောင်စီ၏ အဓိက မဟာမိတ်နှင့် လက်နက်ထောက်ပံ့သည့် တရုတ်အတွက် စိတ်ဆိုးဒေါသ ဖြစ်စေသည်။ 

တရုတ်တွင် ရိုက်ကူးပြီး တရုတ်နှင့် ကမ္ဘာအနှံ့တွင် ပြသသည့် ယင်း ရုပ်ရှင်၌ မြန်မာ၏ ပုံရိပ်ကို စွန်းထင်းစေသည်ဟု တရုတ် အနောက်တောင်ပိုင်း နန်နင်းရှိ စစ်ကောင်စီ၏ ကောင်စစ်ဝန်ချုပ်က ပြောဆိုထားကြောင်း Global New Light of Myanmar သတင်းစာက ဖော်ပြသည်။ 

“ဇာတ်လမ်းကျောရိုးဟာ မြန်မာနဲ့ ပတ်သက်နေတယ်၊ မြန်မာဆီ တရုတ်နိုင်ငံသားတွေ လည်ပတ်ဖို့ စိုးရိမ်ပူပန်စရာ ဖြစ်ရတဲ့ သတင်းတွေလည်း ရှိတယ်”ဟု ၎င်းက ယခု သီတင်းပတ်အစောပိုင်း ကွမ်ရှီဒေသမှ အစိုးရတာဝန်ရှိသူများကို ပြောဆိုခဲ့သည်။ 

ဩဂုတ်လအတွင်းမှ ထွက်ရှိခြင်း ဖြစ်သော်လည်း Not More Bets ဇာတ်ကားသည် ယခုနှစ်၌ တရုတ်နိုင်ငံတွင် တတိယမြောက် လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး ဝင်ငွေ ယွမ် ၃ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၁ သန်း) ရရှိထားသည်။ ယင်းဇာတ်ကားကြောင့် အရှေ့တောင်အာရှသို့ သွားရောက်လည်ပတ်ရေး၌ အန္တရာယ်များသည့် အကြောင်းကို အွန်လိုင်းပေါ်တွင် ဆွေးနွေးပြောဆိုမှုများ ရှိလာခဲ့သည်။ 

ဇာတ်ကားမထွက်ရှိမီ တလက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော ဥပဒေမဲ့ နယ်စပ်မှ အွန်လိုင်းလိမ်လည်သည့် နေရာများကို “အမြစ်ဖြတ်ရန်” တရုတ်က မြန်မာစစ်ကောင်စီက ပြောခဲ့သည်။ 

ယင်း ရုပ်ရှင်ကို မြန်မာရုပ်ရှင်ရုံများ၌ ပြသခြင်း မရှိပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required