ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသမှုခံယူသူထံ ဝင်ငွေခွန် ထပ်ဆောင်း မကောက်ရန် စစ်ကောင်စီ ထုတ်ပြန်မှု လက်တွေ့တွင် သက်ရောက်မှုမရှိ 

By ဓါတု (မဇ္ဈိမ)
27 September 2023
ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသမှုခံယူသူထံ ဝင်ငွေခွန် ထပ်ဆောင်း မကောက်ရန် စစ်ကောင်စီ ထုတ်ပြန်မှု လက်တွေ့တွင် သက်ရောက်မှုမရှိ 
ပုံအညွှန်း- စစ်ကောင်စီက ယာယီ သုံးလပိတ်သိမ်းခဲ့သည့် မန္တလေးမြို့က  ပုဂ္ဂလိက ဆေးရုံ

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း လုပ်ငန်းများအနေဖြင့် ဆေးကုသမှု လာရောက်ခံယူသူထံမှ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်း ထပ်ဆောင်း မကောက်ခံရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် သက်ရောက်မှုမရှိနိုင်ကြောင်း ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။ 

 စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များ ဦးစီးဌာနက  စစ်ကောင်စီ လက်အောက်ခံ ကြေးမုံသတင်းစာတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်က အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

ထို့ပြင်ပုဂ္ဂလိက ဆေးရုံဆေးခန်းရှိ ဆရာဝန်၊  သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများ အား စက်တင်ဘာလ ၁ ရက်နေ့ကစ၍၎င်းတို့ ရရှိသည့်လစာငွေအပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

  သို့ရာတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအချို့သည်  ကျန်းမာရေးဝန်ထမ်းများဘက်မှ ထိုသတ်မှတ်ဝင်ငွေခွန်ကို နုတ်ယူရမည့်အစား ဆေးကုသမှု ခံယူသူများထံမှ ထပ်ဆောင်းကောက်ခံနေ၍ ထိုသို့ အသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

"ဆေးရုံတွေကလည်း နားလှည့်ပါးရိုက်ကိုယ့်အိတ်ထဲက မစိုက်ချင်တော့ ဘောင်ချာမှာ နှစ် ရာခိုင်နှုန်းအခွန်ပိုတောင်းလိုက်တယ် ။ ဒါပေမဲ့  ဆေးရုံပဲခံ လူနာ တွေဆီကမတောင်းနဲ့ဆိုတဲ့ပုံစံအခုလိုထုတ်ပြန်လည်း တချို့ကလူနာတွေဆီက အခွန်ကိုမဖော်ပြဘဲ တခြား   ကုန်ကျစရိတ်တွေမှာအခွန်ကြေးထည့်ပေါင်းပြီးအပိုတင်လိုက်မယ်ပုံစံနဲ့ တခြားနည်းလမ်းနဲ့လုပ်ကြမှာပဲ" ဟုပုဂ္ဂလိက ကျန်းမာရေးဝန်းထမ်း တဦးကဆိုသည်။ 
 

လက်ရှိအချိန်တွင်မူ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတည်ထောင်သူများအား အဆိုပါ ဝင်ငွေခွန် ပေးချေရန် သက်ဆိုင်ရာဌာနများဘက်မှလာရောက်အသိပေးခြင်းမရှိသေးကြောင်း  သိရသည်။

CDM ပြုလုပ်ထားသည့် ဆရာဝန်တဦးကလည်း ဆေးရုံများသည်  ဆရာဝန်များထံက ဝင်ငွေခွန် နုတ်ယူမည့်အစား လူနာများထံကသာ အခြားခေါင်းစဥ်ဖြင့် ငွေတိုးကောက်မည်ဖြစ်ကြောင်းပြောသည်။ 

 ယင်းကဲ့သိုအသိပေးထုတ်ပြန်လိုက်သော်လည်းဆေးရုံအချို့မှာ လူနာများထံ အဆိုပါအခွန်ငွေကိုဝန်ဆောင်ခသဘောမျိူးဖြင့်လှည့်ယူတာမျိူးလုပ်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတွင်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူတစ်ဦးကသုံးသပ်သည်။

“အခွန် ခဆိုပြီးတော့ဘောင်ချာမှာတော့ ဘယ်ရေးတော့မလဲ ဝန်ဆောင်ခဆိုပြီး ပိုတောင်းတာမျိူး တခြားကျသင့်တာတွေထဲ ပေါင်းပြီးလှည့်ယူတာမျိူးလုပ်နိုင်တာပဲ။အဲ့ဒါထက် ဆေးရုံတွေကို အခွန်ကောက်တယ်ဆိုတာတခြားနိုင်ငံတွေလို နိုင်ငံကို လိုအပ်တာတွေ အပြည့်ထားဖို့ကောက်တာဆိုတမျိူး အခုကမီးတောင်နပ်မှန်အောင်မပေးနိုင်တာ သူတို့ပိုက်ဆံလိုနေလို့သက်သက်မဲ့အခွန်ကောက်တာလို့မြင်တယ်"ဟု၎င်းကပြောသည်။

ကျန်းမာရေးဝန်ထမ်းများထံမှ  ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းအားနုတ်ယူထားသည့်ရက်မှစ၍ ၁၅  ရက်အတွင်း ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုပေးသူ အမည်နှင့်သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၊အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများ၏ ဘဏ်ငွေစာရင်းကို ပေးသွင်းရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

အဆိုပါဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာဘဏ္ဏာရေးနှစ်ကုန်ဆုံးပြီး သုံး လအတွင်းသက်ဆိုင်ရာအခွန်ရုံးတွင်ဝင်ငွေကြေညာလွှာတင်သွင်းရန်ဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဝင်ငွေခွန်
#ပုဂ္ဂလိက ဆေးရုံ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required