ရည်ညွှန်စပါးဈေးက တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နိုင်ကြောင်း တောင်သူများပြော

By ဓါတု (မဇ္ဈိမ)
25 September 2023
ရည်ညွှန်စပါးဈေးက တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နိုင်ကြောင်း တောင်သူများပြော

မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ရည်ညွှန်းစပါးဈေး သတ်မှတ်လိုက်ခြင်းသည် လယ်ဧကနည်းပြီး အထွက်နှုန်းနည်းသည့် တောင်သူများ တွက်ခြေမကိုက်ဘဲ အရှူံးပေါ်နိုင်ကြောင်း စပါးစိုက် တောင်သူများက မဇ္ဈိမကို ပြောသည်။

 စပါးဈေးနှုန်း တည်ငြိမ်စေရန်နှင့် တောင်သူများ၊ စားသုံးသူများ အဆင်ပြေစေရန်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စပါးအမျိုးအစားလိုက် ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။၊

ဧည့်မထ စပါးတင်း ၁၀၀ ကို  ကျပ် ၁၃ သိန်း မှ ၁၅ သိန်း၊ ဧရာဝတီ ပေါ်ဆန်းကို ၁၆ သိန်းမှ ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းမှ သိန်း ၂၀၊ ဧရာမင်းစပါးကို ၁၆ သိန်းမှ ၁၈ သိန်းဆိုပြီး စပါးကုန်သည်နှင့် တောင်သူများအကြား ရောင်းဝယ်ရန် ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုဈေးနှုန်းသည် တောင်သူလယ်သမားများ၏ မြင့်တက်လာသည့် ကုန်စျေးနှုန်း အပေါ် အခြေခံကာ တသီးစာကုန်ကျစရိတ်ဖြင့် တွက်ချက်လိုက်ပါက တွက်ချေမကိုက်ကြောင်း တောင်သူများက ပြောသည်။

"အထွက်နှုန်းပေါ် မူတည်ပြီး စပါးတင်းရေထွက်တာဆိုတော့ ၁ ဧက ကို စပါး ၇၀ လောက်ထွက်ရင် မဆိုးပေမယ့် ၄၀ နဲ့ ၅၀ ကြားပဲ ထွက်ရင်တော့အဆင်မပြေဘူး၊ ပြီးရင် ရာသီဥတုကြောင့် ပျက်ဆီးတာတွေ၊ ကုန်ကျစရိတ်တွေနဲ့ ယှဥ်ရင် အဲ့ဒီစျေးနဲ့ အဆင်မပြေဘူး၊ တချို့ဆို ကျောမဲအောင်လုပ်တာတောင် လယ်ဧက ၄၊ ၅ ဧကလောက်ပဲ ပိုင်တဲ့သူဆို တဖက်မှာလည်း အကြွေးဆပ်ရတာတွေရှိတော့ တနှစ်စာ သူတို့မိသားစုအတွက် အမြတ်မကျန်ဘူး"ဟု ဧရာဝတီတိုင်းမှ တောင်သူ တဦးက မဇ္စျိမကို ပြောသည်။

ယမန်နှစ်နှင့် နှိုင်းယှဥ်ပါက လုပ်သားငှားရမ်းခ  နှစ်ဆမြင့်တက်သွားပြီး ဓါတ်မြေသြဇာ၊ ထွန်ယက်ရန် စက်သုံးဆီ အစရှိသည့် ကုန်ကျစရိတ်များမှာလည်း တဟုန်ထိုး မြင့်တက်နေသည်။

"တနေရာနဲ့ တနေရာမတူဘူး၊ အလုပ်သမားငှားရမ်းခတွေရော ကုန်ကျစရိတ်တွေ ရောက ဓါတ်မြေသြဇာတွေဆို နှစ်ဆတက်တယ်၊ စက်သုံးဆီတွေလည်း ပိုတက်နေတော့ ပုံသေစျေးနှုန်းသတ်မှတ်တာ တောင်သူတွေအတွက် အဆင်မပြေနိုင်ဘူး"ဟု စစ်ကိုင်းတိုင်း၊ ကျွန်းလှဒေသမှ တောင်သူတဦးကလည်း မဇ္ဈိမကို ပြောသည်။

ဆန်စပါးအသင်းချုပ်က မိုးစပါး ၁ ဧကကို တင်း ၇၀ အထက်နှုန်း ထွက်နိုင်ကြောင်း ထွက်ချက်မှုမှာ မြေပြင်နှင့် ကွဲလွဲနေပြီး လက်တွေ့မှာ ၁ ဧကလျှင် တင်း ၃၀ မှ ၄၀ ဝန်းကျင်သာ ထွက်နိုင်ပြီး အများဆုံး တင်း ၅၀ သာ ထွက်နိုင်ကြောင်း စပါးစိုက်တောင်သူများက ပြောသည်။

အခြေခံ စပါးစိုက်ပျိူးရေး ကုန်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ယခုလို ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်းက တောင်ယာလုပ်ကိုင်သူများကို ပိုမိုအခက်အခဲ ဖြစ်စေကြောင်းလည်း ဆိုသည်။

လက်ရှိပြင်ပ စပါးပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ၂၈ သိန်းမှ ၃၅ သိန်းနှင့် ဧရာမင်းစပါး တင်း ၁၀၀ ကို ၂၅ သိန်း ပေါက်ဈေးရှိကြောင်း တောင်သူများက ပြောသည်။

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိက စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ဒေသတွင်း ထွက်ရှိလာသော ဆန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကသောင်းကနင်းဖြစ်ကာ ငွေကြေးဖောင်းပွမှုများကြောင့် အခြေခံ စိုက်ပျိုးကုန်များနှင့် စားသောက်ကုန်များမှာ အဆမတန်ဈေးမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။

စာတည်း။   ။ နောင်နောင်

#စပါးရည်ညွှန်းဈေး
#တောင်သူအခက်တွေ့
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required