မီးနီဖြတ်မောင်းသည့် ယာဥ်ကို လိုက်ဖမ်းရာ ယာဥ်ပေါ်မှ သေနတ်ဖြင့်ပစ်၍ ယာဥ်ထိန်းရဲ သေဆုံး

By 007(မဇ္စျိမ)
22 September 2023
မီးနီဖြတ်မောင်းသည့် ယာဥ်ကို လိုက်ဖမ်းရာ ယာဥ်ပေါ်မှ သေနတ်ဖြင့်ပစ်၍ ယာဥ်ထိန်းရဲ သေဆုံး
ပုံစာ- လားရှိုးမြို့

လားရှိုးမြို့တွင် ယနေ့ မနက်ပိုင်းက မီးနီဖြတ်မောင်းသည့် မော်တော်ယာဥ်နောက် လိုက်ဖမ်းသည့် ယာဥ်ထိန်းရဲများကို ထိုယာဥ်ပေါ်မှ သေနတ်ဖြင့် ပစ်၍ ယာဥ်ထိန်းရဲတဦးသေဆုံးသွားကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ်(၄)ရပ်ကွက်၊ မန္တလေးလမ်းနှင့်ရေကန်လမ်းဆုံမီးပွိုင့်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သူတို့(ယာဉ်ထိန်းရဲများ)က အဲဒီမီးပွိုင့်နားမှာ နေ့တိုင်းရှိတယ်။ ဟိုင်းဝေးကားကြီးတွေဆီက ပိုက်ဆံပစ်ချပေးတာကို စောင့်ယူတဲ့အုပ်စုပေါ့။ မနက်က ကားတစီး မီးနီဖြတ်မောင်းတာကို နောက်ကနေလိုက်ဖမ်းတာ။  ဟိုက ပစ္စတိုနဲ့လှမ်းပစ်ပြီးထွက်ပြေးတာလို့ ရဲစခန်းအသိတယောက်က ပြောပြလို့သိရတယ်။  နောက်ကနေ ဆိုင်ကယ် နှစ်စီးနဲ့လိုက်သွားတာတဲ့။ ယာဉ်ထိန်းရဲ၀တ်စုံနဲ့ကနှစ်ယောက်၊ နောက်တစ်ယောက်က အရပ်သား၊ ယာဉ်ထိန်းရဲ အကူလို့ပြောတယ်။  အားလုံးပေါင်းသုံးယောက်၊ နှစ်ယောက်ထိတာ တစ်ယောက်ကဆေးရုံမှာသေသွားပြီ” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့်  ယာဥ်ထိန်းရဲတဦးနှင့် ၎င်း၏ အကူ အရပ်သား  ပြင်းထန်ဒဏ်ရာရရှိသွားပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ယာဥ်ထိန်းရဲ သေဆုံးသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

“နှစ်ယောက်ဒဏ်ရာရတယ်၊ တစ်ယောက်သေတယ်။  မသေတဲ့တစ်ယောက်ကို စစ်ဆေးရုံကိုလွှဲပေးထားတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လားရှိုးမြို့ အ၀င်၊အထွက်ဂိတ်များအား တင်းကျပ်ပိတ်ဆို့စစ်ဆေးနေပြီး အဖမ်းအဆီးကြမ်းနေသဖြင့် ယာဉ်ကြောပိတ်ဆို့နေကြောင်း သိရသည်။

လားရှိုးမြို့တွင် ယာဉ်ထိန်းရဲ ၊ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့အတွက် အကူလုပ်ဆောင်ပေးရသည့် အရပ်သားများ ပူးပေါင်းပြီး အမြန်လမ်းနှင့်မြို့တွင်းလမ်းဆုံမီးပွိုင့်များတွင် မော်တော်ယာဉ်မောင်းသူများထံမှ ငွေတောင်းခံနေသည့်အတွက် မြို့ခံနှင့်ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟု ဒေသခံများကပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required