စစ်တပ်၏ အဓမ္မခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဆိုသည့် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာ

စစ်တပ်၏ အဓမ္မခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဆိုသည့် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာ
Photo: AFP

လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်အကြာက ဖိလစ်ပိုင်စစ်တပ်၏ အတင်းအဓမ္မခေါ်ဆောင်ခြင်းကို ခံရသည် ဆိုသည့် သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရပြီး ယင်းသည် ၎င်းတို့ ပြန်လွတ်ရေးအတွက် တောင်းဆိုဆော်ဩခဲ့ကြသည့် ထောက်ခံသူများအတွက် ဝမ်းမြောက်ဖွယ် ဖြစ်စေခဲ့သည်။

အသက် ၂၁ နှစ်ရှိ ဂျိုနီလာ ကက်စ်ထရိုနှင့် အသက် ၂၂ နှစ်ရှိ ဂျဟက်ဒ် တာမာနို တို့သည် မနီလာ ပင်လယ်အော်၌ မြေယာဖော်ယူမှု လုပ်ဆောင်ချက်များအပေါ် ဆန့်ကျင်သည့် ပင်လယ်ကမ်းရိုးတန်းဒေသ အစုအဖွဲ့များနှင့်အတူ ရပ်တည် လုပ်ကိုင်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်က မြို့တော် မနီလာအနီး ဘတ်တန်း ပြည်နယ်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သည် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခုခံကာကွယ်သူများအတွက် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် လူ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စောင့်ကြည့်အဖွဲ့ဖြစ်သည့် Global Witness အရ သိရသည်။

ယခု တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးသည် အစိုးရ သတင်းစာရှင်းလင်းပွဲတခု၌ ပေါ်လာပြီးနောက် နာရီပိုင်းအကြာ စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထို သတင်းစာရှင်းလင်းပွဲ၌ တက်ကြွလှုပ်ရှားသူနှစ်ဦးက ၎င်းတို့ကို စစ်တပ်က အဓမ္မခေါ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ထိုပြောဆိုချက်များကို အာဏာပိုင်များက ထပ်တလဲလဲ ငြင်းဆန်ထားသည်။

“အစိုးရကိုယ်စား ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့များ”က ထို တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးကို အကြမ်းပတမ်း အဓမ္မခေါ်‌ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဤမတိုင်မီက ပြောဆိုခဲ့သည်။

“ခု ဖြစ်ပျက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ တိုက်ပွဲဝင်နေတဲ့ ကိစ္စက မှန်ကန်တယ်ဆိုတာကို ကျွန်မတို့ သက်သေပြနိုင်ခဲ့တယ်” ဟု တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ကက်စ်ထရိုက ပြန်လွတ်လာပြီးနောက် သတင်းထောက်များနှင့် အခြားသော တက်ကြွလှုပ်ရှားသူများကို ပြောသည်။

ကက်စ်ထရို၏ နံဘေးတွင် ရပ်နေခဲ့သည့် တာမာနိုကလည်း “အခြားသော အတင်းအကျပ် အစဖျောက်ခံရသူများ ပြန်ပေါ်လာနိုင်ရေး” ကြိုးပမ်းကြရန် တောင်းဆိုခဲ့သည်။

ထို တက်ကြွလှုပ်ရှားသူနှစ်ဦး ပျောက်ကွယ်ပြီးနောက် သီတင်းနှစ်ပတ်နီးပါးအကြာ စက်တင်ဘာ ၁၅ ရက်က ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီ (NSC) နှင့် ရဲတပ်ဖွဲ့တို့က သတင်းစာရှင်းလင်းပွဲတခု လုပ်ပြီး ကက်စ်ထရိုနှင့် တာမာနိုတို့က အာဏာပိုင်များထံ အကူအညီ တောင်းခံခဲ့၍ ၎င်းတို့ကို လုံခြုံသော နေအိမ်တလုံးတွင် ထားရှိသည်ဟု ပြောသည်။

ထို့ပြင် ထိုအမျိုးသမီးများက တက်ကြွလှုပ်ရှားသူများ မဟုတ်ဟု NSC နှင့် ရဲတပ်ဖွဲ့တို့က ပြောပြီး ၎င်းတို့ အဓမ္မခေါ်ဆောင်ခံရသည် ဆိုသည့် “လက်ဝဲ အဖွဲ့အစည်းများ” ၏ ပြောဆိုချက်များမှာလည်း “သတင်းမှား” နှင့် “လှိမ့်လုံး” မျှသာဖြစ်ကြောင်း ပြောခဲ့သည်။

Philippines activists freed after alleged military abduction
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required