၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့၏ ဆန်ခါတင်စာရင်းတွင် ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့၏ ဆန်ခါတင်စာရင်းတွင် ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

နော်ဝေ အခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်သည့် အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့ (PRIO) ညွှန်ကြားရေးမှူးက ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ခါတင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စာရင်းတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့ ပါဝင်နေသည်။

PRIO ညွှန်ကြားရေးမှူး ဟန်းရစ်ခ် အာဒဲလ် ထုတ်ပြန်သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ခါတင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ငါးခုစာရင်းတွင် ဦးကျော်မိုးထွန်းနှင့် NUCC အပြင် အီရန်နှင့် အာဖဂန်နစ္စတန်မှ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှစ်ဦး ဖြစ်သည့် နာဂျီစ် မိုဟာမက်ဒီ နှင့် မာဟ်ဘူဒါ ဆာရဂျ်၊ ဖိလစ်ပိုင်ဖွား ဌာနေတိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗစ်တိုရီးယား တော်လီ ကောပက်ဇ်နှင့် အီကွေဒေါ ဌာနေတိုင်းရင်းအခွင့်အရေး လှုပ်ရှားသူ ဟွမ် ကားလို့စ် ဂျင်တီယာ့ချ်၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နှင့် လူ့အခွင့်အရေး အချက်အလက် အကဲဖြတ်အဖွဲ့ တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် အပြည့်အဝ လုပ်ဆောင်ရန်နှင့် စစ်အုပ်စု တပ်ဖွဲ့များ၏ အကြမ်းဖက်မှုကို ရပ်ဆိုင်းစေရန် ကြိုးပမ်းမှုများအတွက် ဦးကျော်မိုးထွန်းနှင့် NUCC တို့သည် ၂၀၂၃ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိရန် ထိုက်တန်ကြောင်း PRIO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာတွင် စစ်အာဏာသိမ်းပြီးပြီးချင်း အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုရန်နှင့် တရားဝင်မှု မပေးရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ယင်းနောက်ပိုင်း ၎င်းသည် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စား ကုလတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရပ်တည်ခဲ့သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာ အသိုင်းအဝိုင်းထံ ရောက်ရှိစေအောင် လုပ်ဆောင်ခဲ့သည်။

NUCC သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရန်နှင့် မြန်မာတွင် ဒီမိုကရေစီ၊ တန်းတူညီမျှမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ကို အပြည့်အဝ ရစေမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်သည်။ NUCC သည် ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုနှင့် သပိတ်မှောက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပါဝင်သည့် အဖွဲ့အစည်းတခုဖြစ်သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုသည် ကမ္ဘာတွင် ဂုဏ်သတင်းအကြီးဆုံး ဆု ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်အားထုတ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများကို နော်ဝေအခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နှစ်စဉ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ပေးအပ်သည်။

နော်ဝေ နိုဘယ်လ်ဆု ရွေးချယ် ချီးမြှင့်ရေး ကော်မတီသည် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးသတ်မှတ်ရက်အထိ လက်ခံရရှိသည့် တရားဝင် အမည်စာရင်းတင်သွင်းမှုများအပေါ် အခြေတည်ပြီး စိစစ် အကဲဖြတ်မည် ဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိသူ အမည်စာရင်းကို အောက်တိုဘာတွင် ကြေညာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required