နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ စက်တင်ဘာ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ စက်တင်ဘာ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ONE DAY CHALLENGE လှုပ်ရှားမှုကနေ ရရှိလာသည့် ရန်ပုံငွေများထဲက အမျိုးသား ညီညွတ်ရေး အစိုးရထံ လစဉ်လှူဒါန်းနေသည့် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှသည့် ဝမ်ငွေကို စက်တင် ဘာ ၁၄ ရက်မှာ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က သတင်းထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၃၁/၂၀၂၃)ကို စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊သင်တောရွာကို ဝင်ရောက်ပြီး ဘန်ကာ ကတုတ်ကျင်းများ အခိုင်အမာ တည်‌ဆောက်နေသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ရာ ရန်သူ့ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် ၃ နာရီကြာ တိုက်ပွဲအတွင်း ၂ ဘက် အကျဆုံးရှိကြောင်း NUG အစိုးရလက်အောက်ခံ PDF တပ်ဖွဲ့ နဂါးနီစစ်ကြောင်း က ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ၌ မြန်မာပြည်သူများကိုယ်စား ဆက်လက်ကိုယ်စား ပြုခွင့်ရရှိရေး ပြင်သစ်နှင့် အီတလီနိုင်ငံရောက် မြန်မာများက ယမန်နေ့တွင် တောင်းဆို ဆန္ဒပြခဲ့ ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးနှင့် တော်လှန်ရေး ရဲဘော် ၁ ဦး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း Moe Nyo Revolution Force MNRF ထံမှ သိရသည်။ 

  • ဆားလင်းကြီးမြို့နယ် ပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံ အမတ်ကြီး အဖြစ် ဆက်လက် ထားရှိရေး ထောက်ခံကြိုဆို ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် ကျေးရွာများကို ဖျက်ဆီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ခုမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 

  • တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ လက္ကူးရွာတွင် စစ်ရှောင်မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ခဲ့ ကြောင်း စစ်ဘေးရှောင် ပြည်သူများထံမှ သိရသည်။ 

  • ဧရာ၀တီတိုင်း၊ ကန်ကြီးထောင်မြို့နယ်၊ ရှမ်းရွာကျောင်းတိုက်မှ ဆရာတော် ဦးဇနက္က ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဆရာတော်၏ ဒကာ၊ ဒကာမများထံမှ သိရှိရသည်။ 

  • ရတနာ သဘာဝဓတ်ငွေ့လုပ်ကွက်က အမေရိကန်ရေနံ ကုမ္ပဏီကြီး Chevron ၏ အစုရှယ်ရာ များကို ဝယ်ယူခဲ့သည့် ကနေဒါ ရေနံကုမ္ပဏီ MTI Energy ကို OECD လမ်းညွှန်ချက်များကို ချိုးဖောက်သည်ဟုဆိုပြီး အရပ်ဘက် အဖွဲ့အစည်းများက OECD တိုင်ကြားရေး ဌာနများထံ တိုင်ကြားစာ ပေးပို့ တိုင်ကြားခဲ့သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမှာ KNLA၊ PDFပူးပေါင်းတပ်က နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ် ခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.Cက ထုတ်ပြန်ထားသည်။ 

  • တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က မိုးကုတ်နှင့် မူဆယ်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခဲ့ဟု TNLAက ယနေ့ ထုတ်ပြန်သည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ 

  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ယခင်ထပ်ပိုမိုလုပ်ဆောင်လာသည့် အခြေအနေတွင် KIAဌာနချုပ် နယ်မြေအနီး မြန်မာ - တရုတ်နယ်စပ်ဒေသ၌ လေကြောင်း သတိပေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ကချင်ဒေသခံနှင့် ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ 

စစ်ကောင်စီ 

  • အကြမ်းဖက်စစ်ခေါင်းဆောင်သမီးခင်သီရိသက်မွန် ပိုင်ဆိုင်သည့် 7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးထားသည့် အချိန်လွန်မိုး ဇာတ်ကားကို SM Winner ထုတ်လုပ်ရေးအမည်ဖြင့် ရုံတင်ရန်စီ စဉ်နေသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့က တရုတ် နန်နင်းမြို၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲဖွင့်ပွဲသို တက် ရောက်ပြီး ခင်းကျင်းပြသထားသည့် စက်မှုပစ္စည်းများ၊ လျှပ်စစ်သုံး ယာဉ်များ နှင့် ပြန်ပြည့်မြဲစွမ်း အင်သုံးစနစ် များကို ကြည့်ရှုကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီဝင်  ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်တို့သည် ပူတာအိုမြို့အား ခရီးသွားများ ပိုမိုစိတ်ဝင်စားမှုရှိစေရန် ကြည့်ရှုစစ်ဆေးကြောင်း စစ်တပ် ဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီဝင် ပိုးရယ်အောင်သိန်းသည် ကရင်နီပြည်နယ် ဘောလခဲမြို့သို့သွားရောက်ပြီး ဌာနဆိုင်ရာများကို ကြည့်ရှုအားပေးတွေ့ဆုံကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထား သည်။ 

စက်တင်ဘာ ၁၈ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့မှ အချင်းချင်း အဝေမတည့်ဖြစ်ပြီး ပြန်လည်း ဖမ်းဆီးခြင်းများပြုလုပ်ပြီးနောက် စစ်ဗိုလ်ချုပ်များ လှည့်လည်သွားလာသည့် သတင်းများ ဓာတ်ပုံများ ၎င်းတို့ဝါဒဖြန့်ချိရေးသတင်းစာများတွင် မတွေ့ရဘဲ အရပ်ဖက်စစ်ကောင်စီအဖွဲ့များ လျှောက်သွားသည့် ဓာတ်ပုံများ သတင်းများကိုသာဖော်ပြထားသည်ကိုတွေ့ရသည်။ ယင်းကြောင့် စစ်ဗိုလ်ချုပ်များအတွင်း အုပ်စုဖွဲ့အာဏာသိမ်းဇာတ်လမ်း ပြီးသေးဟု ဆိုရဖွယ်ရှိနေသည်။ 

  • အကြမ်းဖက်စစ်တပ်ကတော့ ယခုရက်ပိုင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြန်လည်လုပ်ဆောင်လာသည်ကိုတွေ့ရသည့်အတွက် ယင်းသတ်ခံရမှုများ အတွက် နိုင်ငံတကာမှသိအောင် လုပ်ဆောင်ပေးရန်လိုအပ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required