ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ထိုင်းပိုင်နက်အတွင်း မြန်မာစစ်သားများ ဝင်ရောက်မှု တာဝန်ယူဖြေရှင်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို လက်နက်အင်အား အများအပြားနဲ့ ဝင်ရောက်လာတဲ့ မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး တာဝန်ယူဖြေရှင်းရမယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ကန်နာဝီ ဆစ်ဘ်ဆန်က (Kanwee Suebsaeng) ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က မြန်မာစစ်သား အယောက်တစ်ရာနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတယ်ဆိုတာ နယ်စပ်ရေးရာ ပြဿနာမဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စဖြစ်တယ်လို့ Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းသာ မှန်ကန်ခဲ့ရင် ဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပြည်သူကို ရှင်းပြရမယ်လို့လည်း သူက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မြန်မာ့ အာဏာသိမ်း စစ်အုပ်စု တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူတွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်တွေလို့ ဒေသခံတွေက ယူဆသွား နိုင်တာကြောင့် ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ကန်နာဝီက ဆိုပါတယ်။

ဒီကိစ္စကြောင့် ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်က ရပ်တည်နေတယ်ဆိုပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ယူဆသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေနဲ့လည်း အဆိုပါ ကိစ္စရပ်မျိုးကို အလေးအနက် စုံစမ်းစစ်ဆေးသင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဆက်နွယ်တဲ့ အ‌ရေးကိစ္စ တစ်ခုအနေနဲ့ ကိုင်တွယ်သင့်လို့ အကြံပြုထားပါတယ်။

ထိုင်းဒေသခံတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနီးအနားက ထိုင်းစစ်သားတွေကို အကြောင်းကြားခဲ့ပေမဲ့ တစ်စုံတရာမဆောင်ရွက်ပေးခဲ့ကြောင်း၊ အဲဒီနောက် စက်တင်ဘာလ ၅ ရက်နေ့မှာ ဒီကိစ္စကို လူမှုကွန်ရက်မှာ တင်တော့မှ ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကြား ညှိနှိုင်းပေးခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနယ်စပ် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာထဲကိုလည်း မြန်မာစစ်သား အယောက် ၂ဝ နီးပါး ထပ်မံရောက်ရှိလာပြီး ဈေးဝင်ဝယ်ပြီးနောက် ပြန်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိတယ်လို့ ပြောပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

ကန်နာဝီ ဟာ အတိုက်အခံအမတ်လည်းဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်း တွေတည် ထောင် ထားသူလည်းဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခ‌သည်တွေအတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှု စင်္ကြံ ဖွင့် လှစ်နိုင်ရေးထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ သူလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly