ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်း 

By ဂန္ဒမာ (မဇ္ဈိမ)
12 September 2023
ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီ ပိတ်သိမ်း 

စစ်အာဏာသိမ်းဆန့်ကျင်သူ CDM ဆရာဝန် ဒေါက်တာ ဖြိုးသီဟ၏ ပီတိအိမ်စာပေ ထုတ်ဝေခွင့် လုပ်ငန်းလိုင်စင်အား စစ်ကောင်စီမှ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်အား စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတဆင့် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ပါရှိသည်။

ထိုသို့ ထုတ်ဝေခွင့်လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုတ်သိမ်းကြောင်းကြေညာချက်နှင့်ပတ်သက်၍ ဒေါက်တာဖြိုးသီဟ က ယခုလိုပြောသည်။

"အဓိကက​ ကျ​နော့်လုပ်ငန်း ဖြစ်​နေလို့ ပိတ်လိုက်တဲ့ သ​ဘောပါပဲ။ စာအုပ်​တွေက​ နိုင်ငံ​ရေးအ​ကြောင်း ဘာဆိုဘာမှ မပါပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာ၊ ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်တာ​တွေပဲ ​ရေးထားတာကို ပိတ်လိုက်တာပါ။" ဟူ၍ ဖြစ်သည်။

ပီတိအိမ်စာပေ(စာအုပ်တိုက်)အား ၂၀၂၀ ခုနှစ် ဩဂုတ်လက တည်ထောင်ခဲ့ကြောင်း သိရပြီး အဆိုပါစာအုပ်တိုက်မှ စာအုပ် သုံးအုပ်သာ ထုတ်ထားရသေးကြောင်း ဆိုသည်။

စစ်ကောင်စီ၏ ယခုလိုလုပ်ရပ်နှင့်ပတ်သက်၍ ဒေါက်တာ ဖြိုးသီဟက ယခုလိုမှတ်ချက်ပြုသည်။

"​တော်လှန်​ရေး အချိန်ကြာလာတာနဲ့အမျှ၊ သူတို့ အုပ်ချုပ်လို့ ရလာတာနဲ့အမျှ တဖြည်းဖြည်း အကုန်လုံးကို ပိတ်ပင်​တော့မှာပါ။ ​နောက်ထပ် ​နောက်ထပ် စာအုပ်တိုက်​တွေ၊ စာ​ရေးသူ​တွေ၊ စာအုပ်​တွေပါ ထိလာပါလိမ့်မယ်။ ကျ​နော့်တယောက်တည်းရဲ့ ပြဿနာဆိုတာထက် ပြည်သူ​တွေ မျက်စိပိတ် နားပိတ် ဖြစ်ကုန်မဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါ​ကြောင့် လွတ်လပ်ခွင့်​တွေ မဆုံးရှုံး​စေရဖို့ကို အားလုံးဝိုင်းဝန်း ကြိုးစားကြ​စေချင်ပါတယ်။" ဟု ပြောသည်။

စစ်ကောင်စီက ပီတိအိမ်စာပေအား စက်တင်ဘာလ ၈ ရက်နေ့တွင် ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ဖြိုးသီဟအနေဖြင့်လည်း ၎င်းရင်ဆိုင်နေရသည်ထက် ဆိုးရွားသည့်အခြေအနေရင်ဆိုင်နေရသူ အများကြီးရှိသည့်အတွက် ယခုကိစ္စအား ညည်းတွားလိုခြင်းမရှိဘဲ တော်လှန်ရေးတွင်တတ်နိုင်သည့်နေရာကသာ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required