မြဝတီရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်

By ရွှေနွယ်(မဇ္ဈိမ)
03 September 2023
မြဝတီရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်

မြဝတီမြို့ ရဲစခန်း ယနေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ၍  ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်သည်ဟု မြဝတီမြို့ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့်နီးစပ်ရာအသိုင်းအဝိုင်းက မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးသီးသုံးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကာ အထိအခိုက် အပျက်အစီးရှိနိုင်ကြောင်း ဗုံးပေါက်ကွဲစဉ်က အဆိုပါ ရဲစခန်းအနီးရောက်ရှိနေသူဒေသခံက မဇ္ဈိမကိုပြောသည်။

“အသံတော်တော်ကိုကျယ်တယ် တမြို့လုံးကြားလိုက်ရတယ်။ ကျွန်တော်အဲ့ဒီနားမှာရောက်နေတုန်း ပေါက်ကုန်တာ" ဟု အဆိုပါ ဒေသခံကပြောသည်။

အဆိုပါ ဗုံးသီးများသည် ရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်မှုရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးမှပြောသည်။

"လတ်တလော သတင်းရထားတာ ခရိုင်မှူးအပါ ၁၂ ဦးထိထားတယ်။ သေဆုံးမသိရသေးဘူး အထိစာရင်းကိုပဲသိထားသေးတယ်" ဟု ၎င်းကပြောသည်။

စခန်းတွင်းပျက်စီးမှုအခြေအနေအသေးစိတ်နှင့် ထိခိုက်မှုများအားအတိအကျသိရှိနိုင်ရန် မဇ္ဈိမကဆက်လက်စုံစမ်းနေသည်။

ထိုသို့ ဗုံးကျပေါက်ကွဲပြီးနောက် ရဲစခန်း အပါအဝင်အနီးအနားပတ်ဝန်းကျင်၌ မီးပျက်သွားကြောင်း ဒေသခံက ပြောသည်။

ထို့နောက် ရဲစခန်းပတ်ဝန်းကျင်၌ လူခြေရှင်းလင်းသွားကြောင်းနှင့် စခန်းအတွင်းမှ ပစ်ခတ်သံတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိကြောင်း ဆိုသည်။

“မြဝတီမြို့ပေါ်မှာဆိုရင် အဲ့စခန်းတခုပဲရှိတယ်။ ဆိုင်တွေလည်းပိတ်လိုက်ကြတယ်။ စခန်းက မြို့လည်ခေါင်တည့်တည့်လေ လူတော်တော်ရှင်းသွားပြီအခု” ဟုဒေသခံက ပြောသည်။

အဆိုပါ ရဲစခန်းဝန်းအတွင်း ရဲဝန်ထမ်းအိမ်ယာများရှိပြီး ရဲမိသားစုများပါ နေထိုင်သည်ဟု သိရှိရသည်။

တိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်းမသိရှိရသေးပေ။

ယနေ့ စက်တင်ဘာ ၃ရက်နေ့ ညပိုင်းတွင် မြဝတီမြို့လက်ခတ်တောင်စခန်းကုန်း၌လည်း လက်နက်ကြီးပစ်ခတ်သံများကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိကြောင်း မြဝတီဒေသခံများနှင့် မြဝတီတဖက်ကမ်း မဲဆောက်မြို့ရှိ မြန်မာအသိုင်းအဝိုင်းထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required