၁၀လကြာနားရပြီးနောက် ဝီလ်ရှီးယား ဘောလုံးပြန်ကစားနိုင်ပြီ

၁၀လကြာနားရပြီးနောက် ဝီလ်ရှီးယား ဘောလုံးပြန်ကစားနိုင်ပြီ

ဧပြီ ၉၊ လန်ဒန် ။              ။ အာဆင်နယ်ကွင်းလယ်လူဝီလ်ရှီးယားသည် ၁၀ လအတွင်း ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က အာဆင်နယ်ယူ-၂၁ အသင်းနှင့် နယူးကာဆယ်တို့ပွဲတွင် ဘောလုံးပြန် ကစားနိုင်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားသည် ခြေထောက်ကျိုးသည့်ဒဏ်ရာကြောင့် ၂၀၁၅ ဇွန်ကတည်းက နိုင်ငံနှင့် ကလပ်အတွက် ကစားပေးနိုင်ခြင်းမရှိသူဖြစ်သည်။

ယခုအခါတွင် ပရီးမီးယားလိဂ်ယူ-၂၁ ပွဲ၌ ၆၅ မိနစ်ခန့်ပါဝင်ကစားနိုင်ခဲ့သည်။ "ယူရိုပြိုင်ပွဲဝင်ချင်တယ်။ အဲဒီအတွက် အာဆင်နယ်အသင်းနဲ့ အတူကစားခွင့်ရမှ အာဆင်နယ်နဲ့ အင်္ဂလန်အသင်းအတွက် ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော်ပြခွင့်ရမှာ။ အခုလုံးဝကောင်းနေပြီလို့ ခံစားရတယ်။ အသင်းကြီးအတွက်အဆင်သင့်မဖြစ်သေးပေမယ့် ကြံ့ခိုင်မှုပြည့်အောင် ကြိုးစားရမှာပေါ့။ ပွဲမှာကစားခွင့် ရတာကောင်းတယ်လို့ခံစားရတယ်။ ပွဲကစားတာနဲ့ လေ့ကျင့်တာက မတူဘူးလေ"ဟု ဝီလ်ရှီးယားက ပြောသည်။

အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က လူစာရင်းကို မေ ၁၂ တွင်ကြေညာရန်ရှိနေချိန်တွင် အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ခုနစ်ပွဲ ကစားရန်ကျန်နေသေးသည်။

အခြားကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ဟန်ဒါဆင်ရာသီကုန်ထိနားရမည့်အချိန်တွင် ဝီလ်ရှီးယားပြန်ကောင်းလာခြင်းက အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်အတွက် သတင်းကောင်းဖြစ်စေမည်ဖြစ် သည်။

အာဆင်နယ်အသင်းမှကာလရှည်နားနေရသူနောက်တစ်ဦးဖြစ်သည့် ရိုဆစ်စကီးသည်လည်း အာဆင်နယ်ယူ-၂၁ က နယူးကာဆယ် ယူ-၂၁ ကို အမ်းမရိတ်စ်တွင် ၃-၁ ဖြင့်နိုင်သည့်ပွဲ၌ ပါဝင်ကစားနိုင်ခဲ့သည်။

အသက် ၃၅ အရွယ်ချက်ကွင်းလယ်လူသည် ပေါင်ဒဏ်ရာကြောင့်နားခဲ့ရပြီး လက်ရှိရာသီတွင် တစ်ပွဲသာကစားနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required