မတ္တရာတွင် ၁ ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ 

By 007(မဇ္စျိမ)
30 August 2023
မတ္တရာတွင် ၁ ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ 

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် တရက်အတွင်း  သတ်ဖြတ်ခံထားရသည့် အလောင်း သုံးလောင်းတွေ့ရှိပြီး ၎င်းတို့မှာ စစ်ကောင်စီလက်အောက်ခံများ ဖြစ်ကြကြောင်း မတ္တရာမြို့ ဒေသခံက ပြောသည်။ 

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ဆိပ်သာကျေးရွာအနီးတွင် ဇီးဖြူကုန်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး ကိုနောင်ထွန်းဦး (အသက် ၂၃နှစ်)၊ စျေးဟောင်းကျေးရွာ အဝင်လမ်း လမ်းဘေး လယ်ကွင်းတွင် နေ့လယ် ၂ နာရီခန့်က စျေးဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဌေး(အသက်  ၆၄ နှစ်) နှင့် ဝန်တင်ကုန်းကျေးရွာအနီးတွင် ကြံခိုင်ရေးပါတီဝင် အမျိုးသား (အသက် ၃၀ အရွယ်ခန့်)၏ ရုပ်အလောင်းများကို ဒဏ်ရာများဖြင့် တွေ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ဝန်တင်ကုန်းကျေးရွာအနီးတွေ့ရှိရသူသည် ကြံခိုင်ရေးပါတီဝင် ဟုတ်၊ မဟုတ်ကို မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

"တစ်ယောက်က ထွေ/အုပ်စာရေး၊ နောက်တစ်ယောက်က ရစဖမှူး(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) သူက အသက်၆၀ကျော်နေပြီ။  နောက်ထပ်တစ်ယောက်ကတော့ ကြံ့အုပ်စုကလို့ပဲသိထားသေးတယ်။  နာမည်နေရပ်လိပ်စာမသိသေးဘူး။  သုံးယောက်စလုံး၊ တစ်ရက်အတွင်း သေဆုံးအလောင်းတွေ တွေ့ခဲ့တာ" ဟု မတ္တရာဒေသခံသတင်းရင်းမြစ်က ပြောသည်။

၎င်းတို့အား မည်သူက  သတ်ဖြတ်သွားသည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။  ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။ 

လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် တောင်ပြုန်းပွဲတော် ကျင်းပလျက်ရှိသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required