ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့်  စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး  သေဆုံး

By ရောင်နီ (မဇ္စျိမ)
30 August 2023
ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့်  စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး  သေဆုံး
ပုံအညွှန်း - Yaw Revolution Army ထီးလင်း တပ်ဖွဲ့၀င် ကာကွယ်ရေးရဲဘော်များ။

ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့်  စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး  သေဆုံး

ရောင်နီ 

(မဇ္စျိမ)။        ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရပ်သား တဦး နှင့်  စစ်ကောင်စီတပ်ဖွဲ့၀င် လေးဦး  စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇) Yaw Revolution Army ထီးလင်းထံက သိရသည်။ 

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျားခဲကျေးရွာ တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော်ပါ တပ်မ (၇၇) စစ်ကောင်စီတပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အရပ်သားသည် ကျားခဲကျေးရွာသားဖြစ်ပြီး စစ်ဘေးတိမ်းရှောင်ရာမှ ထန်းတောထဲတွင် စစ်ကောင်စီတပ်၏ လမ်းပြအဖြစ်  ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"အစကတည်းက စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရင် ရှောင်ဖို့ ကျွန်တော်တို့ဘက်က သတိပေးချက်တွေ ထုတ်ပြန်တာရှိပါတယ်။ အဲ့ဒီကြားထဲက အခုလို ပြည်သူတစ်ယောက် ကျွန်တော်တို့ ထောင်တဲ့ မိုင်းကြောင့် ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ရုပ်အလောင်းကိုကျွန်တော်တို့ တပ်ဖွဲ့က ပြန်ဖော်ပြီး မိသားစုကို အပ်နှံပေးခဲ့ပါတယ်"YRA ထီးလင်းတာ၀န်ရှိသူ သခင်ဇော်က မဇ္စျိမကို ပြောသည်။

ကျားခဲကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာထဲတွင် လူမရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကျားခဲကျေးရွာကို ၀င်ရောက်စဥ်က ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ရှာဖွေယူဆောင်သွားခဲ့ကြောင်း သိရသည်။ 

“ ကျားခဲကျေးရွာမှာ ညအိပ်ပြီး ရွာတောင်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ရှေ့ထွက်ပွိုင့် အင်အား ၁၀ ယောက်ကျော်က ကျွန်တော်တို့ထောင်ထားတဲ့ တိုက်မိုင်းနဲ့ ထိတွေ့မှု ဖြစ်တာပါ။   သူတို့ဘက်က ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရပါတယ် ” ဟု  ၎င်းကဆိုသည်။ 

အရပ်သားသေဆုံးသွားခြင်းကို ယနေ့ သြဂုတ်လ ၃၀ ရက်တွင်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ထိုနေရာတွင်ပင် မြေမြှုပ်သွားခဲ့ကြောင်း  YRA ထီးလင်းတာ၀န်ရှိသူက ဆိုသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းနှင့် ထိခိုက်သူများကို ဖောကားဖြင့် ထီးလင်းမြို့သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။ 

 စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။ 

မိုင်းဆွဲခံခဲ့ရသည့် ထိုစစ်ကြောင်းသည် သြဂုတ်လ ၂၇ ရက်က စတင်ကာ  ထီးလင်းမြို့နယ်တွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။  အဆိုပါ စစ်ကြောင်းသည် သြဂုတ်လ ၂၈ ရက်က ကျားခဲကျေးရွာတွင်  ညအိပ်ရပ်နားပြီးနောက်  သြဂုတ်လ ၂၉ ရက်တွင် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်သည်။

“ မနေ့ကလည်း ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပြီးပြီပေါ့။ ပြည်သူတွေ ဘယ်နေရာမှပဲ တွေ့တွေ့ သူတို့ စစ်ကြောင်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင်ရှောင်စေချင်တယ်။ ပြည်သူတွေကို ဖမ်းဆီးမိရင် စစ်ကောင်စီတပ်က တနည်းမဟုတ် တနည်းနဲ့ အသုံးချမှာပါ။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ အတတ်နိုင်ဆုံး တိမ်းရှောင်ပြီး နေကြပါလို့ အသိပေးချင်ပါတယ်” ဟု YRA တပ်ဖွဲ့တာ၀န်ရှိသူ သခင်ဇော်က ပြောသည်။

ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာအတွင်း စစ်ကြောင်းထိုး ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required