ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

By မင်းထက်(မဇ္စျိမ)
25 August 2023
ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
ဓာတ်ပုံ - ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားစဥ်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရိုဟင်ဂျာလူမျိုး ၂၇ ဦးကို စစ်ကောင် စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စုရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် Dongfeng အမျိုးအစား ဖောကားနှင့်လိုက်ပါလာသည့် ရိုဟင်ဂျာများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

"ကြံခင်းမှာ အုတ်ပုံဂိတ်က တော်တော်ဆိုးတဲ့ဂိတ်ပါ။ အဲ့ဒီဂိတ်မှာ စစ်သားနဲ့ရဲတွေ စစ်နေတဲ့အချိန် ရိုဟင်ဂျာတွေပါလာတဲ့ကားက အဲ့ဒီဂိတ်ကနေဖြတ်လို့အဖမ်းခံရတာပါ" ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံသူများမှာ ရိုဟင်ဂျာ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ဖြစ်ပြီး ၎င်းတို့အား တင်ဆောင်မောင်းနှင်လာသည့် ကားသမား ဦးနေလှိုင်ဦးဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား ကြံခင်းမြို့မရဲစခန်းအချုပ်တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မှတ်ပုံတင်အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံများက လုပ်ဆောင်နေကြသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာဦးရေ ၁,၀၀၀ ကျော်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များမှ ဖမ်းဆီးထားသည်ဟု ရိုဟင်ဂျာလွတ် မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း မှတ်ချက်ပြုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required