အမေရိကန်စစ်သားများ မိမိကိုယ်ကို သေကြောင်းကြံစည်နှုန်း မြင့်မားဆဲဖြစ်

အမေရိကန်စစ်သားများ မိမိကိုယ်ကို သေကြောင်းကြံစည်နှုန်း မြင့်မားဆဲဖြစ်

ပင်တဂွန်၊ ဧပြီ ၆ ။        ။ပြီးခဲ့သည့်နှစ် ၂၀၁၅ ခုနှစ်တွင် အမေရိကန်စစ်တပ်အတွင်း တင်းပြည့်စစ်သားနှင့် အရန်စစ်သားများ မိမိကိုယ်ကို သတ်သေမှု ၅၀၀ နီးပါးရှိခဲ့ပြီး မကြံစဖူး မြင့်မားသည့် နှုန်းထား ဆက်လက်ရှိနေဆဲဖြစ်ကာ အမေရိကန်စစ်တပ်အတွက် အကျပ်အတည်းဘေးတစ်ခုအဖြစ် ရှိနေသည်။

ဧပြီ ၁ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တင်းပြည့်စစ်သားအမှုထမ်း ၂၆၅ ဦး မိမိကိုယ်ကို   သေကြောင်းကြံစည်ကြောင်း ဖော်ပြသည်။ အရန်တပ်ဖွဲ့တွင် မိမိကိုယ်ကို သတ်သေဦးရေက ၂၁၀ ဦးရှိသည်။

၂၀၀၁ ခုနှစ်အတွင်းက ယင်းကဲ့သို့ မိမိကိုယ်ကို သတ်သေသည့် အမေရိကန်စစ်သားဦးရေသည် ၁၄၅ ဦးသာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နှစ်ဆကျော်တက်ကာ ၃၂၁ ဦးအထိ ရှိခဲ့သည်။

"မိမိကိုယ်ကို သတ်သေမှုတွေကို တားဆီးနိုင်ဖို့က ထိပ်တန်းဦးစားပေးတစ်ရပ်ဖြစ်တယ်။ စစ်မှုထမ်းတွေကြား သတ်သေမှုနှုန်း ကျဆင်းအောင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်အားထုတ်ကြိုးစားနေပါတယ်။"ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ရေတပ်ဗိုလ်မှူးကြီး ဂါဘရီလီက ပြောသည်။

ထိုသို့ စစ်တပ်အတွင်း မိမိကိုယ်ကို သတ်သေနှုန်းသည် အဓိကအားဖြင့် ကြည်းတပ်မှဖြစ်ပြီး ပြီးခဲ့သည့်နှစ်က သတ်သေမှုနှုန်း ၁၂၀ ရှိခဲ့သည်။

ကြည်းတပ်အတွင်း မိမိကိုယ်ကို သတ်သေနှုန်းက ၂၀၁၂ ခုနှစ်အတွင်း၌ စစ်သား တစ်သိန်းလျှင် ၃၀ ဦးနှုန်း နီးပါးအထိ ရှိခဲ့ပြီး အရပ်သားသတ်သေမှုနှုန်းထားသည် ၂၀၁၂ ခုနှစ်အတွင်း လူတစ်သိန်းလျှင် ၁၂ ဒသမ ၅ နှုန်းရှိခဲ့၍ စစ်သားသတ်သေနှုန်းက ပို၍ မြင့်မားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required