ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင် ၁,၃၀၀ ခန့်အတွက် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်

By ကိုဇာနည် (မဇ္ဈိမ)
08 August 2023
ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင် ၁,၃၀၀ ခန့်အတွက် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင် ၁,၃၀၀၀ ခန့်အတွက် မိုးကာနှင့် ခြင်ထောင် များ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသည့် News Light in Karenni အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာခြောက်ရွာမှ အိမ်ထောင်စု ၄၅၁ စု၊ လူဦးရေ ၁,၃၀၀ ခန့် ဘေးလွတ်ရာတောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

“မိုးရာသီဖြစ်လို့ မိုးသည်းကြီးမဲကြီးဆက်တိုက်ရွာပြီး နေမမြင်ရတာ လချီနေပါပြီ။ တောတောင်ထဲမှာ ခြင် ကိုက်ဖြုတ်ကိုက်၊ မိုးမလုံ နေမလုံ နေရတော့ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေ ဖျားကုန်ကြမှာအမှန်ပါ။ သူတို့ အဓိကတောင်းဆိုလာတာက မိုးကာနဲ့ခြင်ထောင်ပါရှင့်။ သူတို့လုံခြုံစွာနေထိုင်နိုင်ဖို့ရာ သင်တို့ကူညီ ပံ့ပိုးမှဖြစ်မှာပါ၊ တတိယလိုအပ်ချက်က စားနပ်ရိက္ခာဖြစ်နေပေမယ့် အဓိကလိုအပ်ချက်ဖြစ်တဲ့ မိုးကာနဲ့ ခြင်ထောင်ကိုသာ ဦးစွာအလေးထား အကူအညီတောင်းခံပါရစေ” ဟု News Light in Karenni အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့်ကျေးရွာများမှာ ဖရူဆို အနောက်ခြမ်းရှိ ဟိုယာ၊ ရာဧပရား၊ ခီးလိုပရား၊ လီခူပရား၊ ဒိုရော၊ ဘီယာ စသည့်ကျေးရွာများဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များသည် အာဟာရချို့တဲ့မှုနှင့်ဆက်စပ်သောရောဂါများလည်း ခံစား နေရကြောင်းဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့်ဗုံးကြဲ၍ ဒေသခံတဦးသေဆုံးပြီး တဦး ဒဏ် ရာရရှိခဲ့သည့်အပြင် နေအိမ် အလုံး ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

လတ်တလောအထိ မဇ္ဈိမမှရရှိထားသော စစ်ရေးသတင်းများအရ ဒီးမော့ဆိုဘက်တွင်လည်း စစ်ကောင်စီ တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရပြီး အသေး စိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required