KTV သွားသော ရဲတပ်ကြပ်နှင့်အဖွဲ့  သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦးသေဆုံး

By YT  (မဇ္ဈိမ)
20 July 2023
KTV သွားသော ရဲတပ်ကြပ်နှင့်အဖွဲ့  သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ KTV တစ်ခုသို့ ရောက်ရှိနေသည့် ရဲတပ်ကြပ်နှင့်အဖွဲ့အား သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

" KTV နာမည်က 101 ပါ။ အဲ့ဒီ KTV က စစ်ကောင်စီဒေါက်တိုင်တွေစစ်သားတွေ ရဲတွေ ပျော်ပါး စားသောက်ရာနေရာပါ။ ပျူစောထီး၊ ဒလန်၊ အင်ဖော်မာတွေ ထိုင်ကြတာပါ။ ပုံမှန်အပြင်လူတွေ လာလေ့လာထ သိပ်မရှိဘူး။ မြို့နယ်အတွင်း KTV ရှိခဲ့ရင်လည်း သူတို့ထိုင်တဲ့ နေရာတွေပါ။ ပြည်သူတွေက အာဏာသိမ်းပြီးကတည်းက အများစုက ညဘက် သိပ်မထွက်ကြပါဘူး" ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ ညပိုင်းက ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း (၁၀၁) မိုင်အနီးရှိ 101 အမည်ရ KTV အား ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး၊ ရဲသတင်းပေးနှစ်ဦး သေဆုံး၍ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အဆိုပါစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပိုင်ဆိုင်သော အိမ်စီးကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ KTV သည် စစ်ကောင်စီအာဏာသိမ်းပြီးကာလမှစ၍ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသူများသာ လာရောက်ပျော်ပါးရာနေရာဖြစ်ကြောင်း၊ သာမန်ပြည်သူများ လာရောက်ပျော်ပါးလေ့ သိပ်မရှိကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့​၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်နှင့် ရဲတပ်သားတစ်ဦး၊ ရဲသတင်းပေးနှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များ​များတွင်မူ ညကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အဖွဲ့အား ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃)မိုင်နှင့် (၁၀၄) မိုင်ကြားရှိ တံတားပေါ်တွင် PDF များက လက်နက်ငယ် ၁၃ ချက်၊ ရီမုမိုင်းတစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ ပြန်ကြားရေးချန်နယ်များ​၏ ထုတ်ပြန်ချက်တွင်  ရဲတပ်ကြပ် လင်းလင်းထိုက်၊ 101 KTV ပိုင်ရှင် ကိုဉာဏ်ဝေအောင်နှင့် အခြားအရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း​၏ တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့​၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required