ကွယ်လွန်ပြီး နှစ် ၅၀ အထိ တောက်ပနေဆဲ ဘရုစ်လီ

ကွယ်လွန်ပြီး နှစ် ၅၀ အထိ တောက်ပနေဆဲ ဘရုစ်လီ
Photo: AFP

ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဒဗလျူ ဝန်သည် ၁၉၇၀ ခုနှစ် ရက်တစ်ရက်၌ အိမ်နီးချင်းကလေးငယ်များ၏ ဘရုစ်လီအကြောင်း အံ့ဩဘနန်း ပြောဆိုမှုများကို ပထမဆုံး စကြားခဲ့ရချိန်အား အမှတ်ရနေဆဲ ဖြစ်သည်။

သိုင်းပညာခန်း ပြည့်ဝသော ဘရုစ်လီ၏ ရုပ်ရှင်များသည် ကမ္ဘာတစ်လွှား ကွန်ဖူးရူးသွပ်သူများကို ပေါက်ဖွားစေခဲ့သကဲ့သို့ အသက် ၃၂ နှစ် ၎င်း မကွယ်လွန်ခင် ဟောလီဝုဒ်၏ ငွေကြယ်ပွင့်များ အခန်းကဏ္ဍ၌ ပထမဆုံး ပါဝင်နိုင်သည့် အာရှသားများမှ တစ်ယောက်လည်းပဲ ဖြစ်သည်။

သူ ကလေးဘဝနှင့် သူ့နောက်ဆုံးနှစ်များတွင် နေထိုင်သွားခဲ့ရာ ဟောင်ကောင်၌ သူ၏ ဩဇာကို ယနေ့ထက်တိုင် ခံစားနေရဆဲ ဖြစ်သည်။ ယခုသီတင်းပတ်တွင်တော့ ဘရုစ်လီ ကွယ်လွန်သည့် နှစ် ၅၀ မြောက်အဖြစ် ပြပွဲများနှင့် သိုင်းကစားခြင်းများကို ပရိသတ်များက ပြုလုပ်ကြသည်။

“ကလေးတိုင်းမှာ စံပြပုဂ္ဂိုလ်ဆိုတာ လိုအပ်တယ်၊ ကျွန်တော်ကတော့ ဘရုစ်လီဟာ စံပြပုဂ္ဂိုလ်ပဲ”ဟု အသက် ၅၄ နှစ်အရွယ် ဝန်က ပြောသည်။ ဝန်သည် နှစ်သုံးဆယ်နီးပါးကြာ ငွေကြယ်ပွင့် ဘရုစ်လီအတွက် ဖွဲ့စည်းထားသော ဟောင်ကောင်၏ အကြီးဆုံး fan club ကို ဦးစီးနေသူပဲ ဖြစ်သည်။

“ကျွန်တော်ဟာ ဘရုစ်လီကို မြင်ထားသလို ရုပ်ချောတယ်၊ တောင့်တင်းတယ်၊ သိုင်းကျွမ်းတယ်၊ ပြီးတော့ သမိုင်းဝင်ပုံရိပ်ဖြစ်တယ်ဆိုတာမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ချက် ထားခဲ့ဖူးတယ်”ဟု ၎င်းက ပြောသည်။

ဘရုစ်လီက သူ့ကိုယ်ပိုင် ဂျက်ကွန်ဒိုသိုင်းစနစ်အား မတီထွင်မီ လေ့ကျင့်ခဲ့သော သိုင်းတစ်မျိုးဖြစ်သည့် ဝင်ချွမ်းသိုင်းစတီဒီယိုတွင် သိုင်းပညာရှင်များက ဘရုစ်လီကို သူတော်စင်တမျှ အရိုအသေ ပြုကြသည်။

ဘရုစ်လီ၏ ဩဇာရိပ်အောက်အတွင်း တပည့်တပန်းများကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း စတီဒီယိုပိုင်ရှင် အသက် ၆၉ နှစ်ရှိ ချန်ချီပင်းက ပြောသော်လည်း “သူ့ လျင်မြန်မှု၊ သူ့ရဲ့ သန်မာမှုနဲ့ ကိုယ်လုံးကိုယ်ထည်ကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ဘရုစ်လီ၏ ပုံရိပ်က နောက်မျိုးဆက်အထိ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ယင်း သိုင်းသင်တန်းကျောင်းတွင် ဆယ်ကျော်သက်အရွယ်ကတည်းက လေ့ကျင့်သင်ကြားနေသည့် အသက် ၄၅ နှစ်ရှိ မိုက်လောင်က ဆိုသည်။

“သိုင်းနတ်ဘုရားအကြောင်း ကျွန်တော်တို့ ပြောကြရင် ဘရုစ်လီအကြောင်းကိုပဲ ပြောရတယ်၊ ကျန်တာ ပြောစရာ မရှိဘူး”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required