ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ ICC ရှေ့နေ လာရောက်ပြီး နာရီပိုင်းအတွင်း လူ ၆ ဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ ICC ရှေ့နေ လာရောက်ပြီး နာရီပိုင်းအတွင်း လူ ၆ ဦး အသတ်ခံရ
Photo-AFP

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းယူရန် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး( ICC )မှ ရှေ့နေဖြစ်သူ လာရောက်ပြီး နာရီပိုင်းအတွင်း ထိပ်တိုက်တွေ့မှုဖြစ်ရာ၌ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးကြောင်း ရဲက သောကြာနေ့တွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံထားရာ ဖြစ်သည်။ အဆိုပါ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကို ကုလသမဂ္ဂ ခုံရုံး၌ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ယခု သီတင်းပတ် တိုက်ခိုက်မှုသည် ပြိုင်ဘက်သောင်းကျန်းသူနှစ်ဖွဲ့ဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ကြား လူသေဆုံးသည့် ထိပ်တိုက်တွေ့မှုများမှ နောက်ဆုံးဖြစ်စဉ် ဖြစ်သည်။

သောကြာနေ့ အာရုဏ်မတက်ခင်က ဖြစ်ပွားသော သေနတ်ပစ်ခတ်မှု၌ လူငါးဦး ပစ်ခတ်ခံရကာ သေဆုံးကြောင်း ဒုက္ခသည်စခန်းများတွင် လုံခြုံရေး ယူထားရသည့် လက်နက်ကိုင် ရဲတပ်ရင်းမှ ပြောခွင့်ရသူ ဖာရတ်အာမတ်က အေအက်ဖ်ပီသို့ ပြောသည်။

“သေနတ်ပစ်ခတ်မှုမှာ သေဆုံးတဲ့ ငါးဦးစလုံးက ARSA အဖွဲ့ဝင်တွေချည်းပဲ၊ တပ်မှူးတစ်ဦးပါ ပါတယ်”ဟု ၎င်းက ပြောပြီး ဒုက္ခသည်စခန်းများ၌ လုံခြုံရေးတင်းကျပ်ထားကြောင်း ဖြည့်စွက်ဆိုသည်။

ARSA အဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ဟန်ရှိသည့် ဒုက္ခသည်အသိုင်းအဝိုင်း ခေါင်းဆောင် အီဘာဒူလက်ရှ် အသတ်ခံရသည့်နောက် နာရီပိုင်း၌ ယခု တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု အာမတ်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ဖြိုခွင်းမှုအား မျက်မြင်ကြုံရသူများထံမှ မှတ်တမ်းယူရန် ကြာသပတေးနေ့ နေ့လယ်ပိုင်းက လာရောက်သည့် ICC ရှေ့နေ ကာရင် အေအေ ခန်းနှင့် တွေ့ဆုံရန် ဒုက္ခသည်များကို အသက် ၂၇ နှစ်ရှိ အီဘာဒူလက်ရှ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ Prothom Alo က ဖော်ပြသည်။

ယခု သေဆုံးမှုများနှင့် ပတ်သက်ကာ ARSA သောင်းကျန်းသူအဖွဲ့က ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသော်လည်း ARSA အဖွဲ့ဝင်များသည် ၎င်းတို့၏ အာဏာကို စိန်ခေါ်နေသည့် ရိုဟင်ဂျာ အရပ်ဘက်အကြီးအကဲများကို ပစ်မှတ်ထားလျက် ရှိကြောင်း စွပ်စွဲခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required