ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ

By ဂန္ဒမာ (မဇ္ဈိမ)
05 July 2023
ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် လေးခုတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများနှင့် စစ်ဆေးရေးနေရာများအား ယမန်နေ့ ဇွန်လ ၄ ရက်နေ့ညတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း သိရသည်။

"သန်လျင် ထိခိုက်မှုရှိတယ်၊ အရေအတွက်သေချာမသိရသေးဘူး။ လှိုင်သာယာကတော့ ဗုံးရှင်းတဲ့စစ်သား နှစ်ယောက်ထိသွားတာ။ လူနာတင်ကားနဲ့သယ်သွားတာ မြင်လိုက်တယ်။ အသံတွေကတော့ တစ်မြို့လုံးကိုသောသောညံပါပဲ ၊ စစ်ကားတွေလည်း တောက်လျှောက်ပတ်နေတာ ညတောင်အိပ်ကြရဲ့လားမသိဘူး။" ဟူ၍ ‌ရန်ကုန်မြို့ရှိ မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်ခံရသည့်နေရာများမှာ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနှင့်အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ပြည်သူများစီးနင်းသောဆိုင်ကယ်များကို မတရားစစ်ဆေးနေသည့် နေရာအနီးတို့ဖြစ်ကြောင်း Freeland Attack Force(FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ညပိုင်းတိုက်ခိုက်မှုများအား Anonymous Fighters Force -AFF မှ ဦးဆောင်ကာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army - EGA ၊ Rangoon Urban Force တို့မှ  ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်များအာ ညဦးပိုင်း ၈ နာရီကျော်မှ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ထိ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုပြုလုပ်သည့်ရဲဘော်များမှာ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ယမန်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့များမှ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်း ၊ ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံး ကိုးလုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required