အာဖဂန်ဒုက္ခသည်များအား လက်ခံရန် အမေရိကန်နှင့် သဘောတူညီချက် မရသေးဟု ဖိလစ်ပိုင်သမ္မတ ပြော

အာဖဂန်ဒုက္ခသည်များအား လက်ခံရန် အမေရိကန်နှင့် သဘောတူညီချက် မရသေးဟု ဖိလစ်ပိုင်သမ္မတ ပြော

အာဖဂန်နစ္စတန်နိုင်ငံသား ၁၀၀၀ ကျော်ကို အထူးအခြေချနေထိုင်မှု ဗီဇာ ထုတ်ပေးရန် လုပ်ဆောင်နေသည့် အခိုက်အတန့်ကာလ၌ ယာယီလက်ခံရန် အမေရိကန်၏ တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ကြာသပတေးနေ့တွင် ပြောသည်။

“အမေရိကန်နဲ့ ဖိလစ်ပိုင်ကြားမှာ သဘောတူညီချက် ရပြီးပြီလို့ သတင်းအချို့က ဖော်ပြတာကို မြင်ရတော့ ကျွန်တော် အမှန်ပဲ အံ့ဩမိတယ်၊ ကျွန်တော်တို့ဟာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာ တိတိကျကျ လေ့လာတုန်းပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့ နည်းလမ်းတော့ တွေ့မှာပါ”ဟု သတင်းထောက်များကို မားကို့စ်က ပြောကြောင်း နိုင်ငံပိုင် Philippines News Agency က ကိုးကားဖော်ပြသည်။

အာဖဂန်ဒုက္ခသည်များကို ယာယီလက်ခံပေးရန် အမေရိကန်အစိုးရက ဖိလစ်ပိုင်အား တောင်းဆိုထားခြင်း ဖြစ်သည်။

သို့ရာတွင် လုံခြုံရေး စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု မားကို့စ်က ပြောသည်။

“အခြေအနေက မတူဘူးလေ၊ ကျွန်တော်တို့ အရင်က ဒါမျိုး လက်ခံဖူးတာမှ မဟုတ်ဘဲ”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်ကို အစိုးရအနေဖြင့် ဆက်လက်သုံးသပ်လေ့လာသွားမည်ဖြစ်ပြီး နိုင်ငံ၏ လုံခြုံရေးအား အန္တရာယ် မပေးနိုင်မှသာ သဘောတူဆောင်ရွက်သွားမည်ဟု မားကို့စ်က ပြောသည်။

အာဖဂန်ဒုက္ခည်များအတွက် အထူးအခြေချဗီဇာ ထုတ်ပေးရေး လုပ်ဆောင်နေစဉ်အတွင်း လက်ခံပေးထားရန် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်အား ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ပထမဆုံး မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာဖဂန်ဒုက္ခသည်များမှာ အမေရိကန်အစိုးရအတွက် ယခင်က လုပ်ကိုင်ပေးခဲ့သူများ ဖြစ်ကာ လက်ရှိတွင် အန္တရာယ် ကျရောက်နေခြင်းဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သည် တစ်လလျှင် အာဖဂန်ဒုက္ခသည် ၁၀၀၀ မှ ၁၅၀၀ ခန့် အုပ်စုလိုက်ကို နေရာချထားပေးရန် အဆိုပြုလျက် ရှိနေခြင်းလည်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.aa.com.tr/en/asia-pacific/philippine-president-says-no-deal-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required