ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို

By KMN (မဇ္ဈိမ)
25 June 2023
ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို
Photo - ABSDF Column - 3

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းများဖြင့် ကြိုဆို ကြကြောင်း ကျောင်းသားတပ်မတော် ABSDF Column(3)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

မင်းတိုင်ပင်ကျေးရွာအနီးတွင် ၁၀ ရက်ကျော်ခန့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း အား ABSDF နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

“ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်လာတာ။ ဇွန်လ ၁၃ ရက် နေ့မှာ မင်းတိုင်ပင်ရွာနီးမှာရှိတဲ့ အုန်းနှောရွာကို သူတို့ဝင်ပြီးတော့လုယက်တယ်။ လုယက်တဲ့အကြောင်း ကတော့ ဇီးဖြူကုန်းနဲ့ အင်းမထီး ပျူစောထီးရွာတွေမှာ ရိက္ခာတွေပြတ်လပ်နေတာကြောင့်ပါ။ ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု ABSDF Column (3) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိကြောင်း ၎င်းက ‌ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်တွင် ဇီးဖြူကုန်းကျေးရွာဘက်မှ ပြန်လည်ဆုတ်ခွာ သွားပြီး ကျေးနင်းရွာဘက်သို့ ရောက်ရှိကာ စစ်ကြောင်းထိုးနေသည့်အတွက် အနီးဝန်းကျင်ရှိရွာငါးရွာခန့် မှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required