တောင်ငူတွင်  KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ

By YT  ( မဇ္ဈိမ)
15 June 2023
တောင်ငူတွင်  KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ
ဓါတ်ပုံ- ထိုလွီးဝါးအထက်တန်းကျောင်း (ပုံဟောင်း)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဖွင့်လှစ်ထားသော ပဲခူးတိုင်း၊ တောင်ငူမြို့မှ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်းသို့   စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ 

ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျောင်းသူအဆောင်တစ်ခုအနီးသို့  ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဟုသိရသည်။ ထန်းတပင်မြို့နယ်၊ ရေလျှံကျေးရွာနှင့် ရှားစေဘိုကျေးရွာအကြားရှိ ရှားစေဘိုစစ်ကောင်စီတပ်စခန်းမှ လှမ်း၍ ပစ်ခတ်ခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ 

" ညဆယ်နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျတယ်။ ကျောင်း ပရဝဏ်ထဲကျပြီး ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ပြင်းထန်ဒဏ်ရာရထားတာလည်း ရှိပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါကျောင်းတက်နေသော ကျောင်းသူများအနက် ခုနစ်တန်းကျောင်းသူသုံးဦး ဒဏ်ရာရပြီး တစ်ဦးသည် လက်၌ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ဆေးကုသမှုခံယူနေရကြောင်းသတင်းရရှိသည်။

ထိုလွီးဝါးအထက်တန်းကျောင်းသည်ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းတည်ရှိသည်။
KNU ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ခံ ခရိုင်အဆင့်ရှိကရင်လူထု အထက်တန်းကျောင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ဘော်ဒါကျောင်းသူ၊ ကျောင်းသားများအပါအဝင် အနီးအနားကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားဦးရေ ၂,၀၀၀ နီးပါး တက်ရောက်သင်ကြားနေသည်ဟု သိရသည်။  ယခုကဲ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းအား ခေတ္တပိတ်ထားရသည်။

ဒေသတွင်းသတင်းရင်းမြစ်တစ်ဦး​၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် တောင်ငူမြို့ရှိ  KNU တပ်မဟာ (၂)၊ တောင်ငူခရိုင်ဥက္ကဌ​၏ နေအိမ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းအိမ်ကို မထိဘဲ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ခွဲခြင်းဟု သိရသည်။ ယင်းပြောကြားချက်ကို မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

" ခရိုင်မှူးအိမ်ကို ပစ်တာ။ ခရိုင်မှူးအိမ်ကိုတော့ မထိဘူး။ ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ခရိုင်မှူးအိမ်နဲ့ ကျောင်းနဲ့က ငါးသံကြိုးလောက်( ကိုက် ၁၀၀ ခန့်)ပဲဝေးတယ် "ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

KNU တပ်မဟာ (၂) နယ်မြေတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် လူနေကျေးရွာများ၊ ရပ်ကွက်များအတွင်း မကြာခဏ ပစ်ခတ်လေ့ရှိပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများရှိကာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ မကြာခဏ ထိမှန်ပျက်စီးလေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း စစ်ကောင်စီတပ်​၏ အရပ်ဘက်ပစ်မှတ်များအပေါ် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU တပ်မဟာနယ်မြေများတွင် စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးခဲ့ကြောင်း KNU ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly