နှစ်စဉ် အောင်ချက်အနည်းဆုံး ချင်းပြည်နယ် ယခုနှစ်တွင် အောင်ချက်ကောင်း ဂုဏ်ထူးထွက်

နှစ်စဉ် အောင်ချက်အနည်းဆုံး ချင်းပြည်နယ် ယခုနှစ်တွင် အောင်ချက်ကောင်း ဂုဏ်ထူးထွက်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ်မှ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၂,၈၂၄ ဦးသည် စာစစ်ဌာန ၁၃ ခုတွင် ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၂,၀၄၅ ဦး အောင်မြင်ကြောင်း သိရှိရပြီး ပြည်နယ်အတွင်း အောင်ချက်မရှိသလောက်ရှိခဲ့သည့် လိုင်လင်းပီမြို့နှင့် ဆမီးမြို့တို့တွင် ကျရှုံးသူမရှိ ဖြေဆိုသူအားလုံး ဂုဏ်ထူးထွက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဖြေဆိုသူ ၂၆၀ ဦးအောင်မြင်ပြီး ၎င်းတို့အထဲမှ ၂၅၃ ဦးမှာဂုဏ်ထူးထွက်ရှိ၍ ခုနစ်ဦးမှာ ရိုးရိုးသာအောင်မြင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဖြေဆိုသူ ၃၄၀ ဦး အောင်မြင်ပြီး ရှစ်ယောက်မှလွဲ၍ ကျန်သူအားလုံး ဂုဏ်ထူး သုံးဘာသာ၊ နှစ်ဘာသာ၊တစ်ဘာသာ အသီးသီးပါကြောင်း သိရသည်။

‘’နှစ်စဉ်နှစ်တိုင်း ချင်းပြည်နယ်က တိုင်းနဲ့ပြည်နယ်ထဲမှာ အောင်ချက်အနိမ့်ဆုံးပြည်နယ်၊ အခုတော့ အောင်ချက်တွေက အရမ်းကောင်းနေတာ။ ဆရာ/ဆရာမ မရှိ၊ သင်ရိုးညွန်းတန်းမရှိဘဲ သင်ကြားနေရတဲ့ မြို့နယ်မဟုတ်ဘဲ ဆမီးတို့ လိုင်လင်းပီတို့မှာ ဖြေတဲ့သူအယောက်တိုင်း အောင်တယ်။ အောင်တာမှ ရိုးရိုးအောင်တာမဟုတ်ဘူး၊ ဂုဏ်ထူးတွေအားလုံးနဲ့ကို အောင်ကြတာဗျ’’ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း CDMလှုပ်ရှားမှု အများဆုံးပါဝင်ခဲ့သည့်သူများမှာ ပညာရေးဌာနမှဖြစ်ပြီး ယခုအကျမရှိ အောင်မြင်ခဲ့သည့်မြို့နယ်များသည် စာသင်ကျောင်းဆောင် မရှိ၊ စားပွဲခုံမရှိ၊ ဆရာမရှိ၊ သင်ရိုးစာအုပ်မရှိဘဲ သင်ကြားနေရသည့်မြို့များဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ချင်းပြည်နယ်အတွင်း ဖြေဆိုသူ ၁၂,၃၇၀ ဦး၊ အောင်မြင်သူ ၂,၆၂၃ ဦးရှိသဖြင့် အောင်မြင်မှု ၂၁.၂၀ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ် ၂၀၂၃တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ချင်းပြည်နယ်အတွင်း ဖြေဆိုသူ ၂,၈၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၂,၀၄၅  ဦး အောင်မြင်ခဲ့သဖြင့် ၇၂.၄၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly