အာဏာသိမ်းကာလအတွင်း သံဃာတော် ၇ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါး ဖမ်းဆီးခံရ

By ဂျူချန်း (မဇ္ဈိမ)
08 June 2023
အာဏာသိမ်းကာလအတွင်း သံဃာတော် ၇ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါး ဖမ်းဆီးခံရ
ဓါတ်ပုံ-လူမှုကွန်ရက် (မန္တလေး သံဃ သမဂ္ဂ သပိတ်စစ်ကြောင်း၊ ၂၀၂၁ စက်တင်ဘာ ၂၇)

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ သံဃာတော် ခုနစ်ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ၈၉ ပါးအား ထိန်းသိမ်းထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် မန္တလေးတိုင်းမှ သံဃာတော် သုံးပါး၊ မကွေးတိုင်းမှ သံဃာတော် နှစ်ပါး၊ မွန်ပြည်နယ်မှ သံဃာတော် တစ်ပါးနှင့် ကရင်ပြည်နယ်မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ သိရသည်။

“အားလုံးက စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။ တိုက်ပွဲအတွင်းပျံလွန်တော်မူခဲ့တာမဟုတ်ပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာတော်များအနက် ဦးခေမာသာရ၊ ဦးဖိုးသိန်း၊ ဦးသောမလောက တို့သည် စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး ဦးပညာဝံသ၊ ဦးဂန္ဓသာရ တို့နှစ်ပါးသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဦးစောထီးထို့ပဝီး နှင့် ဦးဆန်းဝင်းတို့ နှစ်ပါးသည် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ ဖော်ပြထားသည်။

ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းမှ ဦးဂန္ဓသာရသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှ သတ်ဖြတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီလက်ချက်ကြောင့် သံဃာတော် ငါးပါး ပျံလွန်တော်မူခဲ့ရသည်။

၎င်းအရေအတွက်သည် AAPP မှ အချက်အလက်ရရှိထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ယခုအချက်အလက်အထက် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာထွန်းကားသည့်နိုင်ငံဟု ကြွေးကြော်လေ့ရှိသော်လည်း ဘုရားဟောတရားတော်နှင့် ကိုက်ညီမှုမရှိသည့် လူသတ်ခြင်းကို အကြိမ်ကြိမ်လုပ်ဆောင်နေကာ ရဟန်းတော်များကိုလည်း သတ်ဖြတ်နေခြင်းကြောင့် သရဏဂုံပျက်ကာ ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိများသာဖြစ်ကြောင်း နွေဦးတော်လှန်ရေး ဆရာတော် ဦးကေသရ က မိန့်သည်။

“သူတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ သာသနာမရှိဘဲ အပေါ်ယံသာသနာပြု ဟန်ဆောင်မိစ္ဆာဒိဋ္ဌိတွေဖြစ်တဲ့အတွက်ကြောင့် သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် အကြမ်းဖက် သတ်ဖြတ်နေတာဖြစ်ပါတယ်” ဟု နွေဦးတော်လှန်ရေး ဆရာတော်က မိန့်သည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီအား ဆန့်ကျင်ကာ ဆန္ဒပြခြင်းနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော် ၁၀၆ ပါးအား စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတရားဖမ်းဆီးခံရသည့် သံဃာတော်များသည် မန္တလေးတိုင်းတွင် အများဆုံးရှိပြီး စစ်ကိုင်းတိုင်းမှ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် သံဃာတော် ၁၀၆ ပါးအနက် ၁၇ ပါးသာ လွတ်မြောက်ခဲ့ပြီး ကျန်သည့် ၈၉ ပါးသည် မန္တလေးအကျဉ်းထောင်၊ အင်းစိန်အကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းခံရဆဲဖြစ်ကာ အချို့သည် သတင်းအစအနမရရှိကြောင်း သိရသည်။

“အဓိကတော့ နွေဦးတော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ပါဝင်ခဲ့ကြတဲ့အတွက်အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတာပါ။ ထောင်ထဲမှာကတော့ ကျန်တဲ့သူတွေနဲ့အတူတူပါဘဲ။ သံဃာတော်ဖြစ်လို့ အခွင့်အရေးပေးတာမရှိပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

မန္တလေးတိုင်းတွင် သံဃာတော် ၄၀ပါး၊ စစ်ကိုင်းတိုင်းတွင်၂၂ ပါး၊ မကွေးတိုင်းတွင် ကိုးပါး၊ တနင်္သာရီတိုင်းတွင် ရှစ်ပါး၊​ ပဲခူးတိုင်းတွင် သုံးပါး၊ ရန်ကုန်တိုင်းတွင် နှစ်ပါး၊ ဧရာဝတီတိုင်းတွင် နှစ်ပါး၊ ရှမ်း၊ ကရင် နှင့် ကချင်ပြည်နယ်တို့တွင် သံဃာတော်တစ်ပါးစီနှင့် နေရာအတိအကျ မဖော်ပြနိုင်သည့် သံဃာတစ်ပါးအပါအဝင် စုစုပေါင်း သံဃာတော် ၈၉ ပါးအာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း AAPP မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required