ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု သံဃာ၁ပါးပျံ‌လွန်တော်မူ၊ အရပ်သား၂ဦးသေဆုံးပြီး ၆ဦးထက်မနည်းဒဏ်ရာရ

By သွင်ထူးဈာန်(ကော်သူးလေ)(မဇ္စျိမ)
02 June 2023
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု သံဃာ၁ပါးပျံ‌လွန်တော်မူ၊ အရပ်သား၂ဦးသေဆုံးပြီး ၆ဦးထက်မနည်းဒဏ်ရာရ
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သား၁ ဦး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ယနေ့ဇွန်လ၂ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတစ်ပါးပျံလွန်‌တော်မူပြီးအရပ်သားနှစ်ဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်၃ရပ်ကွက်ရှိ မဏိရတနာစာသင်တိုက်၊ အမှတ်၆ရပ်ကွက်နှင့် အမှတ်၁ရပ်ကွက်တို့ကို စစ်ကောင်စီတပ်က Mi35တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ယနေ့ နံနက် ၇နာရီ ၄၀မိနစ်ခန့်တွင် ပစ်ခတ်သွားခြင်းဟု ဒေသခံများကပြောသည်။ ထိုပစ်ခတ်မှုကြောင့် မဏိရတနာစာသင်တိုက်မှ သံဃာတစ်ပါး ဒဏ်ရာရပြီးပျံလွန်တော်မူကာ အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။

" ဒီမှာက အရပ်သားတွေပဲရှိတာ။ စစ်တပ်က သူတို့အထိနာရင် အရပ်သားကိုပစ်မှတ်ထားနေတာတော့ အဆိုးဆုံးပဲ။ အခု အရပ်သားတွေသေတယ်။ ဒဏ်ရာတွေရကုန်ပြီး ထွက်ပြေးလို့လဲမရဘူး"ဟု ကြာအင်းဆိပ်ကြီးမြို့မှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်သည့်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် အနီးဝန်းကျင်ရှိ ပေါင်းဦးချောင်း၊အလယ်ရွာ၊ချောင်းဝ၊အောင်ချမ်းသာကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“ ကြာအင်းဆိပ်ကြီးနားမှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မြို့ထဲမှာ PDFတွေရောက်နေတယ်ဆိုပြီး လက်နက်ကြီးရော ရဟတ်ယာဉ်ပါသုံးပြီး ပစ်ချနေတာ"ဟု ‌ဒေသခံတစ်ဦးက ဆက်ပြောသည်။

ယနေ့ဇွန်လ၂ရက်နေ့ နံနက်၅နာရီဝန်းကျင်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အနီး စစ်ကောင်စီတပ်နှင့် KNU/KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ပြီးနောက် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်မေလ ၂၈ ရက်နေ့ ညကလည်း ကော့ကရိတ်မြို့နယ် မြောက်ပိုင်း၊ သုံးထပ်ကွေ့ဝါးစခန်းစေတီကုန်းကို ပေါင် ၅၀၀ ဗုံးအသုံးပြု၍ လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ဘုန်းကြီးကျောင်းအတွင်း မည်သူမျှ မရှ်ိ၍ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ဟု ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required