ဖယ်ခုံမြို့နယ်၌ ​ထိ​တွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဘက်က အသေအဆုံးများ

By 001(မဇ္စျိမ)
02 June 2023
ဖယ်ခုံမြို့နယ်၌ ​ထိ​တွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဘက်က အသေအဆုံးများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လွယ်လုံ၊ ခေါင်အိ၊ စက်တော်ရွာတို့တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အသေအဆုံးများပြီး အလောင်း ၁၃ လောင်းကို တွေ့ရှိရကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို အမှတ်(၁၁၀၂) တပ်ရင်းက ပြောသည်။

“ခန့်မှန်းတာကတော့ သူတို့အများကြီးတော့ ကျဆုံးနိုင်တယ်။ အထိအခိုက်လည်းတော်တော်များတယ်။ ဒါပေမဲ့ ကျွန်မတို့ နယ်မြေရှင်းလင်းရင်းနဲ့ သူတို့အလောင်းတွေ တွေ့ရတာကတော့ ၁၂ ယောက်ကျော်၊ ၁၃ ယောက်လောက်ရှိတယ်”ဟု အမှတ်(၁၁၀၂) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့၌ ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာနှင့် လတူးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် ဖယ်ခုံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အကြား နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်များခဲ့​ကြောင်း တပ်ရင်း(၁၁၀၂)က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မေလ ၂၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ လွယ်လုံ၊ စက်တော်ရွာနှင့် ခေါင်အိရွာကြား၊ စက်တော်ရွာတို့၌ ထိတွေ့တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်၏ ကင်းထောက်ဒရုန်း တစ်စင်းနှင့် ကျည်အချို့ကို ရရှိခဲ့ကြောင်းလည်း တပ်ရင်း(၁၁၀၂)က ပြောသည်။

“ (ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က) ထိခိုက်ဒဏ်ရာ ပြင်းထန်တာတော့ နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ အသေးစားဒဏ်ရာတွေရတဲ့ရဲဘော်လည်း ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်”ဟု ဆိုသည်။

လက်ရှိတွင်လည်း ဖယ်ခုံမြို့နယ် လွယ်လုံ၊ ​ခေါင်အိ​​​ကျေးရွာဘက်တို့တွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

လွယ်လုံကျေးရွာတွင် မေလ ၂၃ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၁)မှ တပ်စိတ်မှူး ရဲဘော်ဒေါမိနစ်နှင့် မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရဲဘော် မောင်ရဲမြင့် ကျဆုံးခဲ့ကြောင်း KNDF တပ်ရင်း(၁၁)က ထုတ်ပြန်ထားသည်။

နှစ်ဘက်ထိခိုက်ကျဆုံးမှုအ​ခြေအ​နေများနှင့်ပတ်သက်ပြီး မဇ္စျိမအ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ​သေး​ပေ။

အာဏာသိမ်းမှုအလွန် နှစ်နှစ်​ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းလက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ​ပေါင်း ၉,၃၀၀ ​​ကျော်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်တွင် တိုက်ပွဲ ၃၇၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ​လေ့လာ​ရေးအင်စတီကျု (ISP Myanmar)က ​မေလ ၁၇ ရက်​နေ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required