ယူရိုပါလိဂ်မှာ နာကျင်ရပြီးနောက် အနာဂတ်နဲ့ ပတ်သက်ပြီး မော်ရင်ဟို သံသယတွေ ထပ်များလာ

ယူရိုပါလိဂ်မှာ နာကျင်ရပြီးနောက် အနာဂတ်နဲ့ ပတ်သက်ပြီး မော်ရင်ဟို သံသယတွေ ထပ်များလာ
Photo: EPA

ဆီဗီလာကို သူ့ရဲ့ ပထမဆုံးဥရောပဖိုင်နယ် ရှုံးနိမ့်မှုအဖြစ် ခါးသီးစွာ နာကျင်ခဲ့ရအပြီးမှာ ဟိုဆေး မော်ရင်ဟိုက သူဟာ  "အရမ်းမောပန်းနေပြီ"လို့ ဗုဒ္ဓဟူးနေ့က ပြောရင်း ရိုးမားအသင်းနည်းပြအဖြစ် သူ့ရဲ့ အနာဂတ်ကို နောက်ထပ် သံသယဖြစ်စရာရှိလာခဲ့ပါတယ်။

ရိုးမားနောက်ခံလူ ဂျန်လူကာ မန်စီနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးက ပေါ်လိုဒိုင်ဘာလာရဲ့ အဖွင့်ဂိုးကို ပယ်ဖျက်ခဲ့တာနဲ့အတူ ဘူဒါပတ်စ်မှာ ၁-၁ ဂိုးနဲ့ ပွဲပြီးဆုံးပြီးနောက် စပိန်ကလပ်အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီလို ရှုံးနိမ့်မှုဟာ အီတလီကလပ်နဲ့အတူ ပြီးခဲ့တဲ့နှစ်မှာ စတင်ကျင်းပတဲ့ ယူအီးအက်ဖ်အေ ကွန်ဖရန့်လိဂ်ဖိုင်နယ်အပါအဝင် သူ့ရဲ့ အရင်က ဥရောပဖိုင်နယ်ငါးခုစလုံးကို အနိုင်ရခဲ့တဲ့ အသက် ၆၀ အရွယ် မော်ရင်ဟိုအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ပါပဲ။

"အချိန်တိုင်း တိုက်ပွဲဝင်ဖို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ရော လေ့ကျင့်ရေးနည်းပြတစ်ယောက်အနေနဲ့ပါ လုပ်ကိုင်ရတာ ကျနော် အရမ်းပင်ပန်းနေပါပြီ"လို့ ပွဲရှုံးနိမ့်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူက ပြောပါတယ်။

မော်ရင်ဟိုက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေဟာ "အခုအချိန်မှာ အရေးမကြီးဘူး"လို့ သတင်းထောက်တွေ ပြောကြားခဲ့ပြီး သူဟာ ရာသီကုန်မှာ အားလပ်ရက်ခရီးထွက်ဖို့ မျှော်လင့်ထားကြောင်း ဖြည့်ဆွတ်ပြောဆိုသွားပါတယ်။

ရိုးမားအသင်းဟာ စီးရီးအေမှာ လက်ကျန် တစ်ပွဲနဲ့အတူ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။

ပေါ်တူဂီသားနည်းပြက သူဟာ ဖိုင်နယ်မှာ တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိပြီး ဆုံးဖြတ်ချက်များစွာဟာ သူ့ရဲ့ ကစားသမားတွေကို အားနည်းစေတဲ့ နည်းလမ်းနဲ့ ပွဲကို ထိခိုက်စေတဲ့ တရားမျှတမှုမရှိဘူးလို့ ခံစားမိကြောင်း ပြောပါတယ်။

“ကျနော်တို့ထက် အရည်အချင်းပိုရှိတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရာမှာ ဖိအားတွေ ခံစားခဲ့ရတယ်” လို့ သူက ဆိုပါတယ်။ “ကျနော်တို့ ပွဲကို ရှုံးခဲ့ပေမယ့် ဂုဏ်သိက္ခာမကျခဲ့ပါဘူး။

”ဒီဖိုင်နယ်ကိုတော့ ကျနော် ရှုံးခဲ့ပေမယ့် အရင်အခါတွေကထက် ပိုဂုဏ်ယူပြီး အိမ်ပြန်မှာပါ။ ပင်နယ်တီနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် နှစ်ယောက် လွဲချော်ခဲ့တယ်။ ဒါပေမယ့် ပင်နယ်တီကန်သူတွေသာမက အားလုံးက အတူတူ ကြိုးစားခဲ့တာပဲလေ။

"ဆီဗီလာအတွက် ဂုဏ်ယူပါတယ်၊ ဒါပေမယ့် ကျနော့် ကစားသမားတွေကိုလည်း ဂုဏ်ယူပါတယ်။ ကောင်လေးတွေက သူတို့လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူစွာနဲ့ အေးအေးဆေးဆေး အိမ်ပြန်ရမှာပါ။ ဒါက ဘူဒါပတ်စ်က ကျနော့် ကောင်လေးတွေပါ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required