စစ်ကောင်စီလက်ထက် ပုဂ္ဂလိကပညာရေး (ဆောင်းပါး)

By ဗညားစံရွှေ
30 May 2023
စစ်ကောင်စီလက်ထက် ပုဂ္ဂလိကပညာရေး (ဆောင်းပါး)

ဒီနှစ်ဆန်းကကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေနဲ့ အခြား မလိုလားအပ်တဲ့ သင်ကြားမှုတွေကို ထိရောက်တဲ့ ဥပဒေပုဒ်မတွေနဲ့ ထိရောက်စွာ ဟန့်တား အရေးယူ ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့တဲ့ အကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေကို ဖြန့်ဝေတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ပုဂ္ဂလိကကျောင်းတွေမှာ ပါတီနိုင်ငံရေး ဆိုင်ရာ အကြောင်းအရာတွေ၊ နိုင်ငံရေး ကိစ္စတွေကို ဟောပြောပို့ချတာ၊ ထည့်သွင်းပြောဆိုတာ၊ သင်ကြားတာ၊ ဆွေးနွေးတာတွေကို တားမြစ်ထားပြီး ဒါကို ကျူးလွန်ရင် ထောင်ဒဏ် ခြောက်လကနေ တစ်နှစ်အထိ ချမှတ်ခံရမယ်၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀ ကနေ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

“ပုဂ္ဂလိကပညာရေးဥပဒေ” ဟာ အရင်အစိုးရ လက်ထက်တွေကတည်းက အချိန်ယူဆွေးနွေးနေဆဲ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ရပ်ဟာ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဥပဒေ၊ အနာဂတ်မျိုးဆက်တွေနဲ့ ပတ်သက်တဲ့ ဥပဒေဖြစ်လို့ နယ်ပယ်အသီးသီးက ပညာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေနဲ့ အကြေအလည်ညှိနှိုင်းပြီးမှာ ရေးဆွဲပြဋ္ဌာန်းရတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အစိုးရလက် ထက်မှာ ပြည်သူ့လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှု ကော်မတီက အာဏာမသိမ်းခင် တစ်လ အလိုမှာ ပုဂ္ဂလိက ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သေးတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာ အင်အန်အယ်လ်ဒီ အစိုးရ လက်ထက် ရေးဆွဲနေတဲ့ ပုဂ္ဂလိကပညာရေး ဥပဒေကြမ်းဟာလည်း နိဂုံးချုပ်သွားခဲ့ရပါတယ်။ 

အခန်း ၁၆ ခန်း၊ ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုအဆင့်ကြီးကြပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေက ပုဂ္ဂလိကကျောင်းနဲ့ ဆက်စပ်တဲ့ အရာအားလုံးကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ကောင်စီအနေနဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကပညာရေးရဲ့ အခန်းကဏ္ဍကို တင်းကျပ်လိုက်တာဖြစ်ပြီး လူငယ်တွေရဲ့ နိုင်ငံရေး အသိအမြင် ကျယ်ပြန့်မှုကို ပိတ်ပင်တားဆီးလိုတဲ့ ရည်ရွယ်ချက်ဆိုတာ သိသာပါတယ်။ ပြီးတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကြိုးစားလာတဲ့ ခြေလှမ်းဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အထဲမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်နဲ့ ပုဂ္ဂလိကကျောင်းတွေပါ ပါဝင်လာခဲ့ပါတယ်။ ပညာရေးဌာနက ဆရာဆရာမ အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့ကြပါတယ်။ ဒီလိုအနေအထားတွေကြောင့် စစ်ကောင်စီဟာ ပညာရေးဌာနက CDM ဆရာ ဆရာမတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါ တယ်။ 

အရပ်သားအစိုးရ လက်ထက် နောက်ဆုံးပညာသင်နှစ်ဖြစ်တဲ့ ၂၁၀၉ -၂၀၂၀ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း လေးသိန်းနီးပါး ရှိတဲ့အနက် ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်နေကြတဲ့ ပညာဝန်ထမ်း နှစ်သိန်းခွဲနီးပါး ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေ အရ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၂ ခု  စက်တင်ဘာလ ၁၉ ရက်နေ့အထိ CDM မှာ ပါဝင်ကြတဲ့ နိုင်ငံ တစ် ဝန်းက ဆရာ၊ ဆရာမ ၂၂၅ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့သိရပါတယ်။ အာဏာသိမ်း ၁၉ လတာအ တွင်း ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေမှာ ပညာရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့တယ် လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အင်န်အယ်လ်ဒီပါတီကို ထောက်ခံတဲ့ ပုဂ္ဂလိက ကျောင်းတွေကိုလည်း ကျောင်းဖွင့်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်ထဲမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း (၁၈) ကျောင်းကို ကျောင်းဖွင့်ခွင့် ပိတ်လိုက် တာက ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။

ပညာရေးဟာ နိုင်ငံရေးဆိုတဲ့ အဆောက်အအုံတစ်လုံးရဲ့ ပင်မရေသောက်မြစ်ဖြစ်ပါတယ်။ နိုင်ငံရေးဟာ ပညာရေးနဲ့ တွဲနေပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်း မှာထင်ရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု စတဲ့ ခေါင်းဆောင် တွေဟာ တက္ကသိုလ်ပညာရေးက ပေါက်ဖွားလာတဲ့ သူတွေပါ။ ဒါကြောင့် ပညာရေးမှာ နိုင်ငံရေး မပါရဘူး၊ ပညာရေးမှာ ပါတီနိုင်ငံရေး ဆိုင်ရာ အကြောင်းအရာတွေ၊ နိုင်ငံရေးကိစ္စတွေကို ဟောပြောပို့ချတာ၊ ထည့်သွင်းပြောဆိုတာ၊ သင်ကြားတာ၊ ဆွေးနွေးတာတွေကို မလုပ်ရဘူးဆိုတာကတော့ ဟောင်းနွမ်းဆွေးမြေ့ နေတဲ့ အတွေးအခေါ်တစ်ရပ်သာ ဖြစ်ပါတယ်။      
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required