မန္တလေးတွင် ကနားစီးတဦး သေနတ်ပစ်ခံရပြီး သေဆုံး

By 007 (မဇ္စျိမ)
29 May 2023
မန္တလေးတွင် ကနားစီးတဦး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့တွင် ယမန်နေ့ မေလ ၂၈ ရက် ညပိုင်းက ကနားစီးအမျိုးသားတဦး နေအိမ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဓားပြတိုက်တယ်မှတ်တာ။ နောက်တော့မှသိရတာက အဲဒီအိမ်က ကနားစီးကိုပစ်သတ်သွားတာ။ အဲဒီလူ က တောင်ပြုန်းပွဲတွေမှာလည်း ကနားစီးလုပ်တယ်။ မိသားစုက အေးအေးချမ်းချမ်းနေထိုင်သူတွေပါ”ဟု ဒေသခံတဦးက ပြောသည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂ လမ်းနှင့် ၃၂ လမ်းထောင့်အနီးရှိ ကုန်စုံဆိုင်ဖွင့် ထားသောနေအိမ်တအိမ်တွင် မေလ ၂၈ ရက်နေ့ ည ၉ နာရီခန့်ကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အနုကြမ်းစီး ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ကနဦးသတင်းထွက်

ပေါ်ခဲ့ သော်လည်း လူသတ်မှုသာဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“တယောက်က သေနတ်အတိုနဲ့ နောက်တယောက်က ဓားရှည်ကိုင်ထားတယ်။ အပြင်မှာတယောက်က ဆိုင်ကယ်မှာ အသင့်စောင့်နေတာ။ သေနတ်နဲ့လူကအပေါ်တက်သွားပြီး ကိုဆွေလင်းဦးကို သေနတ်နဲ့ နှစ် ချက်ပစ်လိုက်တာ” ဟု နီးစပ်သူတဦးကပြောသည်။

အသတ်ခံရသည့်ကနားစီးနတ်ဆရာမှာ ကိုဆွေလင်းဦး(၃၉ နှစ်)ဆိုသူဖြစ်ပြီး နံပါတ်ပြားမပါသော ဆိုင်ကယ်တစီးဖြင့်ရောက်လာသည့်လူသုံးဦးက နေအိမ်အပေါ်ထပ်အထိတက်ပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပထမတစ်ချက်မှာကျည်မထွက်ဘဲ နောက်တစ်ချက်မှ ကျည်ထွက် ပြီး ကိုဆွေလင်းဦး၏ ဝဲဘက်ရင်အုံကို ဖောက်၀င်ကာသေ ဆုံးသွားခြင်းဖြစ်ကြောင်း၊ သေနတ်သမားနှင့် အဖွဲ့သည် အိမ်ရှင်များ၏လက်ကိုင်ဖုန်းနှစ်လုံးကို ယူဆောင်ထွက်ပြေးသွားကြောင်း ရဲ သတင်းအချက် အလက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာသည်ကိုမတွေ့ရသေးသော်လည်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDF က သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေး

#အနုကြမ်းစီး

#ဓားပြတိုက်

#သေနတ်ဖြင့်ပစ်သတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required