မြန်မာ့အရေး ကိုင်တွယ်ရန် အာဆီယံအနေဖြင့် ကြားဝင်မစွက်ရေး မူကို စွန့်လွှတ်သင့်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း ပြော

မြန်မာ့အရေး ကိုင်တွယ်ရန် အာဆီယံအနေဖြင့် ကြားဝင်မစွက်ရေး မူကို စွန့်လွှတ်သင့်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း ပြော

အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အကျပ်အတည်းအရေးကို ကိုင်တွယ်ရန် ယင်း၏ ကာလကြာရှိနေသော ကြားဝင်မစွက်ဖက်ရေး မူဝါဒကို စွန့်လွှတ် ဘေးချိတ်ထားသင့်ပြီ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည့် အဖွဲ့သစ်တစ်ခုဖြင့် အစားထိုးသင့်ကြောင်း ၎င်းက ပြောသည်။

ဟောဟောဒိုင်းဒိုင်း ပြောတတ်သည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာက Future of Asia Forum ၏ ဘေးပန်းပြင်ဘက်တွင် Nikkei နှင့် အင်တာဗျူးတွေ့ဆုံစဉ် ပြောကြားရာတွင် ကုလသမဂ္ဂတွင် တစ်ဖက်စောင်းနင်းဖြစ်နေသော ပါဝါမျှခြေတစ်ခုကြောင့် မကြာခဏဆိုသလို အဓိပ္ပါယ်ရှိသည့် အရေးယူဆောင်ရွက်မှု မလုပ်နိုင်စေရန် အဟန့်အတားဖြစ်စေခဲ့ကြောင်း ဝေဖန်ပြောကြားသည်။

“ခုချိန်မှာ တစ်ကမ္ဘာလုံးအတွက် အများနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ခံစားမိတယ်။ နိုင်ငံတစ်နိုင်ငံတည်းအတွက်မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့နိုင်ငံတွေက ချမ်းသာပြီး တချို့နိုင်ငံတွေကတော့ ဆင်းရဲနေလို့ပါ” ဟု မဟာသီယာက ပြောသည်။

ကုလ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များ ဗီတိုအာဏာ အသုံးပြုခြင်းက ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် ကမ္ဘာ့အဖွဲ့အစည်း၌ ၎င်းတို့၏ အသံများ ထုတ်ဖော်ကြားသိစေမည့် အခွင့်အလမ်းများကို ပိတ်ပင်ရာရောက်သည်ဟု အသက် ၉၇ နှစ်ရှိ မဟာသီယာက ရှုမြင်သည်။

“ဆင်းရဲတဲ့ နိုင်ငံတွေဟာ ရာသီဥတု ပြောင်းလဲမှု၊ COVID-19 ကပ်ရောဂါနဲ့ အများနဲ့ ဆိုင်တဲ့ အခြား ပြဿနာအများအပြားလိုမျိုး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း နည်းပါးလှပါတယ်” ဟု ၎င်းက ပြောသည်။ ကုလသမဂ္ဂသည် မျှော်လင့်ထားသလောက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိဟုလည်း ၎င်းက ပြောသည်။

ပိုမိုပြီး ဒီမိုကရေစီအခြေခံသော အဖွဲ့တစ်ခုကို ဖန်တီးရေး အဆင့်ချင်းအလိုက် ဖြစ်ပေါ်စေရန် ဗီတိုအာဏာ ဖယ်ရှားရေး အပါအဝင် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရေး မဟာသီယာက ကာလကြာကတည်းက အဆိုပြုခဲ့သည်။

ဗီတိုအာဏာသည် ဒီမိုကရေစီ၏ အနှစ်သာရနှင့် ကိုက်ညီခြင်း မရှိဟု အခိုင်အမာ ဆိုရင်း ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ပေးနိုင်မည့် ပိုမို၍ ဒီမိုကရေစီကျသော အဖွဲ့အစည်းတစ်ခုဆီ ဦးတည်သွားသင့်ကြောင်း မဟာသီယာက ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့်ပတ်သက်၍ ဝါရင့် နိုင်ငံရေးသမား မဟာသီယာက ပြောကြားရာတွင် အာဆီယံ၏ ပြည်တွင်းရေး ကြားဝင်မစွက်ရ မူဝါဒကြောင့် မြန်မာ့အကျပ်အတည်းအပေါ် အရေးယူဆောင်ရွက်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့သည်ဟု ပြောသည်။

ယနေ့အချိန်အထိ မလေးရှား၌ ခိုလှုံခွင့် တောင်းခံသည့် မြန်မာနိုင်ငံသား ဒုက္ခသည် ၂၀၀,၀၀၀ ကျော် ရှိသော်လည်း မလေးရှားသည် ယင်းကဲ့သို့သော ရောက်ရှိလာသူများအတွက် ဥပဒေ အဆင့်အတန်း ခွင့်ပြုပေးခြင်း မရှိသည့်အတွက် ၎င်းတို့အနေဖြင့် ဆေးဝါးကုသစောင့်ရှောက်မှု၊ အလုပ်အကိုင် သို့မဟုတ် ပညာရေးကို ရရှိနိုင်ရေး ကြိုးပမ်းရာတွင် အခက်အခဲဖြစ်စေလျက် ရှိသည်။

“ခင်ဗျားတို့ ကမ္ဘောဒီးယားကိုပဲ ပြန်တွေးကြည့်လိုက်ပါ။ ပိုပေါ့ အစိုးရလက်ထက်တုန်းက အဲဒီမှာ လူ နှစ်သန်းလောက် အသတ်ခံခဲ့ရတယ်။ အာဆီယံဟာ ကြားဝင် မဆောင်ရွက်ခဲ့ဘူး။ ကမ္ဘာ့ကျန်နိုင်ငံတွေကလည်း ကြားဝင် မဆောင်ရွက်ခဲ့ဘူး။ အဲဒါကို ပြည်တွင်းရေးကိစ္စတစ်ခုအဖြစ်ပဲ သတ်မှတ်ခဲ့ကြတယ်” ဟု မဟာသီယာက ပြောသည်။ သို့သော် ယခုတစ်ကြိမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူသားချင်းစာနာမှု အကြောင်းတရားများဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု ရှာရန် လိုနေပြီဟု မလေးရှားခေါင်းဆောင်ဟောင်းက ထင်မြင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required