ရိုဟင်ဂျာဒုက္ခသည်များ စားနပ်ရိက္ခာ လျှော့ချခံရ၍ ငတ်မွတ်မှုနှင့် သေဆုံးမှုတို့ ရှိလာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီ သတိပေး

ရိုဟင်ဂျာဒုက္ခသည်များ စားနပ်ရိက္ခာ လျှော့ချခံရ၍ ငတ်မွတ်မှုနှင့် သေဆုံးမှုတို့ ရှိလာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီ သတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထပ်မံလျှော့ချခြင်းက အသက်သေစေနိုင်သည့် သက်ရောက်မှုတစ်ရပ်ကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က သတိပေးလိုက်သည်။

အကျပ်အတည်းဆိုက်နေသော ရန်ပုံငွေ လိုအပ်ချက်များကြောင့် ယခင် လျှော့ချထားပြီးသားဖြစ်သည့် စားနပ်ရိက္ခာ အကူအညီကို ယခုတစ်ဖန် ထပ်တိုး လျှော့ချဖြတ်တောက်မှု မဖြစ်မနေ လုပ်ရတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီတစ်ခုဖြစ်သည့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ထားသည်။ ကော့ဇ် ဘဇားရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေရာတွင် နေထိုင်လျက်ရှိသော လူတစ်သန်းနီးပါးအတွက် စားနပ်ရိက္ခာ အထောက်အပံ့ပေးမှုက ၂၀၂၃ ၊ ဇွန်လ ၁ ရက်မှစပြီး အသိအမှတ်ပြုခံ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု စံသတ်မှတ်ချက်ဖြစ်သည့် ၂,၁၀၀ kcal ၏ ၈၃ ရာခိုင်နှုန်းကို ကျဆင်းလိမ့်မည်  ဖြစ်ကြောင်း NRC ၏ မေလ ၂၇ ရက် ထုတ် ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

“ကံမကောင်းစွာနဲ့ပဲ ဒီလို အခြေအနေတွေမျိုးမှာ ရှေ့မှာ ဘာဆက်ဖြစ်မလဲ ဆိုတာကို မိမိတို့ သိနေပါတယ်။ ရိက္ခာ ဖြတ်တောက်ခံရချိန်မှာ အာဟာရချို့တဲ့မှုတွေ များလာမှာ ဖြစ်ပြီး အဲဒါနဲ့အတူ လူတွေရဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း ထိခိုက်စေလိမ့်မှာဖြစ်တယ်။ အဲဒီအချိန်မှာ လူတွေက သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ကြမှာဖြစ်တဲ့အတွက် တင်းမာမှုတွေလည်း တိုးလာမယ်။ ဖြစ်နိုင်ဖွယ် ရှိတာက အဲဒီကနေ အမှုအခင်းတွေ၊ အကြမ်းဖက်မှုတွေ၊ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေ တိုးလာမယ်။ တစ်ပြိုင်နက်တည်းမှာပဲ အကြွေးနွံထဲ ထပ်ပြီး နစ်သွားတာမျိုး၊ ကလေးသူငယ် လက်ထပ်ပေးစားမှုမျိုး၊ အသက်ရှင် ရပ်တည်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ လုပ်ရပ်တွေကို အလဲအထပ် လုပ်ပေးရတာမျိုး၊ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေတဆင့် ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာဖို့ ကြိုးပမ်းတာမျိုး၊ လူကုန်ကူးမှု အန္တရာယ်တွေ မြင့်တက်တာမျိုး စတဲ့ ဘေးအန္တရာယ် မကင်းတဲ့ ရင်ဆိုင်ဖြေရှင်းမှု နည်းလမ်းတွေအပေါ် အားကိုးကြရတာမျိုးတွေ မြင့်တက်လာပါလိမ့်မယ်” ဘင်္ဂလားဒေ့ရှ်ရှိ NRC ၏ ဌာနေညွှန်ကြားရေးမှူး ဝင်ဒီ မက်ကန့်စ်က ပြောသည်။

“ဒီနေ့ဆိုရင် ကျွန်မတို့မှာ စားဖို့တောင် အနိုင်နိုင် ဖြစ်နေတယ်။ ၁၃ နှစ်ပဲ ရှိသေးတဲ့ ကျွန်မသားလေးကတော့ ပင်လယ်ရေလမ်းကနေ ပြည်ပကို သွားဖို့ စီစဉ်နေတယ်။ ကျွန်မ အင်မတန် စိုးရိမ်နေမိတယ်။ အဲဒါတွေကို အသက်သေနိုင်တဲ့ ခရီးစဉ်တွေဆိုတာ ကျွန်မတို့အားလုံး သိပါတယ်” ဟု ရိုဟင်ဂျာဒုက္ခသည် မိခင်တစ်ဦးက ဘင်္ဂလားဒေ့ရှ်ရှိ NRC အမှုထမ်းများကို ပြောသည်။

လက်ရှိအခြေအနေကြောင့် အခြားသော ဒုက္ခသည်များလည်း စခန်းမှ မတတ်သာဘဲ ထွက်ခွာရန် လုပ်ဆောင်နေကြသလားဟု NRC က သူမကို မေးမြန်းရာတွင် သူမက “ဟုတ်တာပေါ့။ ကျွန်မတို့ အသက်ရှင်ရပ်တည်ဖို့ လိုပါတယ်။ အခြားသူတွေလည်း ဘင်္ဂလားဒေ့ရှ်မှာပဲ တရားမဝင်တဲ့၊ အန္တရာယ်များတဲ့ အလုပ်တွေ ရှာဖို့ ကြိုးစားကြပါလိမ့်မယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရသည့် ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံနေရာပေးထားသည် ဆိုသော်လည်း အဆိုပါ ရိုဟင်ဂျာများသည် လုံခြုံအာမခံချက်ရှိသော ဥပဒေ အဆင့်အတန်း ရှိမနေသလို ၎င်းတို့သည် လွတ်လပ်စွာ သွားလာ သို့မဟုတ် အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိဘဲ လူသားချင်းစာနာမှု အကူအညီအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေကြရသည်။

“ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းဆီက ငွေကြေးကတိပြုမှုတွေ လျော့ပါးလာတာနဲ့ မေလ ၁၄ ရက်က ဆိုင်ကလုန်း မိုခါကြောင့် ဒုက္ခသည်စခန်းတွေ ထိခိုက်တာတို့ကြောင့် ဒီ ဒုက္ခသည်တွေဟာ သေရေးရှင်ရေး အနေအထားတစ်ခုမှာ ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့တွေဟာ အသက်ရှင်သန်ဖို့အတွက် ကြီးမားတဲ့ အန္တရာယ်တွေကို စွန့်စားကြမှာဖြစ်သလို သူတို့ရဲ့ အသက်တွေကိုတောင် လောင်းကြေးထပ် စွန့်စားကောင်းစွန့်စားနိုင်ပါတယ်” ဟု မက်ကန့်စ်က ပြောသည်။

ပူးတွဲ တုံ့ပြန်မှု အစီအစဉ် (JRP) အတွက် ငွေကြေးထောက်ပံ့မှု မရရှိခြင်းက WFP ၏ အကူအညီ လျှော့ချဖြတ်တောက်မှုကို ပိုဆိုးစေခဲ့သည်။ ၂၀၂၃ အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုအတွက် လိုအပ်သည့် ရန်ပုံငွေ၏ ၂၅ ရာခိုင်နှုန်းအောက်ကိုသာ လက်ခံရရှိထားသည်။

“လူတွေကို ပုံစံတချို့နဲ့ ကယ်ဆယ်ရေး အကူအညီတွေ ထောက်ပံ့ဖို့ လူသားချင်းစာနာမှု တုံ့ပြန်မှု အစီအစဉ်အတွက် ရန်ပုံငွေ အပြည့်အဝ ထောက်ပံ့ရရှိဖို့ လိုပါတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံတကာက သူတို့အတွက် အရေးတယူဆောင်ရွက်တာကို စောင့်ဆိုင်းရင်းနဲ့ မောပန်းနေပြီ ဖြစ်သလို ကျိုးပျက်သွားတဲ့ ကတိကဝတ်တွေကြောင့်လည်း ငြီးငွေ့နေကြပါပြီ” ဟု မက်ကန့်စ်က ပြောသည်။

ပိုမို၍ ရေရှည်တည်တံ့သော ဖြေရှင်းချက်နည်းလမ်းများ ရှာဖွေရန် NRC က တောင်းဆိုသည်။

“ဒုက္ခသည်တွေ လူသားချင်းစာနာမှု အကူအညီတွေအပေါ် မှီခိုရတာတွေကို အဆုံးသတ်စေပြီး သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းနဲ့ ရှေ့ဆက်သွားနိုင်အောင်လို့ သူတို့အတွက် အသက်မွေးဝမ်းကျောင်းတွေ၊ နေထိုင်ဖို့ မြေနေရာနဲ့ ဘေးကင်းတဲ့ နေရာတွေ အသေအချာ ရရှိစေအောင် လုပ်ဆောင်ရင်းနဲ့ ဒီ အဆုံးမရှိတဲ့ ထိခိုက်ခံစားရမှုတွေကို ရပ်တန့်အောင် မိမိတို့ လုပ်ဖို့ လိုပါတယ်။ ဒါကပဲ လူ့အသက်တွေကို ကယ်တင်နိုင်မယ့် တစ်ခုတည်း‌သော နည်းလမ်းပါ” ဟု မက်ကန့်စ်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required