ပဇီကြီးရွာတိုက်ခိုက်မှုဖြစ်စဉ်သည် စစ်ကောင်စီ၏သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်ကြောင်း KIOဆို

By မိုးသောက် (မဇ္ဈိမ)
16 April 2023
ပဇီကြီးရွာတိုက်ခိုက်မှုဖြစ်စဉ်သည် စစ်ကောင်စီ၏သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်ကြောင်း KIOဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်မှုသည် သူရဲဘော်ကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း Kachin Independent Organization(KIO)က ဧပြီလ၁၅ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထူများနေထိုင်ရာ ရပ်ရွာများကို လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည့်အတွက်ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာရှိပြည်သူများကို ရပ်ရွာဓလေ့အရ ရုံးသစ်တက်အလှူအတန်းအဖြစ် နံနက်ပိုင်းတွင် ထမင်းကျွေးမွေးနေစဉ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၁၆၈ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့် စာရင်းများအရသိသည်။

ထိုသို့သေဆုံးခဲ့ရသည့် ရွာသူ၊ရွာသားများ၏ မိသားစုဝင်များ၊မိတ်ဆွေများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု KIOကဆိုသည်။

စစ်အာဏာရှင်စနစ်အတွင်းမှ လွတ်မြောက်စေရန်အတွက် အမှန်တရားဘက်မှရပ်တည်ခဲ့ပြီး အသက်ပေးရသူများကို လေးစားဂုဏ်ပြုထားပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောင်နိုင်မှသာလျှင် မတရားအနိုင်ကျင့်မှု ၊ ခြိမ်းခြောက်အနိုင်ကျင့်မှုများမှ လွတ်မြောက်မည်ဟု ၎င်းတို့ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ပဇီကြီးကျေးရွာ

#ကေအိုင်အို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required