“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တွင် YRF ရဲဘော်များ သွားရောက်ချိတ်ဆွဲ

By ဂန္ဒမာ(မဇ္ဈိမ)
12 April 2023
“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တွင် YRF ရဲဘော်များ သွားရောက်ချိတ်ဆွဲ

ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တစ်ခုတွင် ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား Yangon Revolution Force - YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များက သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ”  စကားမှာ ပြည်သူနှင့်အတူ အမှန်တရားဘက်တွင် ရပ်တည်ကြသော အနုပညာရှင်များရိုက်ကူးထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်၏ ဇာတ်ဝင်ခန်းတစ်ခုမှ ဒိုင်ယာလော့ဖြစ်သည်။ 

ထိုဒိုင်ယာလော့ကိုယူ၍ ဘန်နာချိတ်ဆွဲရသည့်ရည်ရွယ်ချက်မှာ “ကျွန်တော်တို့ နိုင်ငံတစ်ဝန်းက ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများစွာကို ခံစားနေရပါတယ်။ မနေ့က ကန့်ဘလူလိုကိစ္စမှာဆိုလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ကြေကွဲခံစားနေရပါတယ်။ စစ်ကောင်စီနဲ့ သူတို့အသိုင်းဝိုင်းကလည်း တိုင်းပြည်ပုံမှန်လည်ပတ်သယောင် ဝါဒဖြန့်ဖို သကြင်္န်ပွဲတော်ကို အကြီးအကျယ်ကျင်းပဖို့ ကြိုစားနေကြပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ဒဏ်ခံစားနေရတဲ့ သူတွေကို စာနာကိုယ်ချင်းစာသောအားဖြင့် ဒီလိုပွဲလမ်းတွေရှောင်ရှားပြီး တိုးတိုးတိတ်တိတ်ပျော်ရွှင်ပေးကြဖို့ ပြောချင်တာပါ။” ဟု Yangon Revolution Force မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမ ကို ဖြေကြားသည်။ 

စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ၎င်းတို့အုပ်ချုပ်ခွင့်ရသည့်ပုံစံမျိုး ကမ္ဘာကိုပြသရန်၊ တိုင်းပြည်ပုံမှန်လည်ပတ်သယောင် ဝါဒဖြန့်ချိရန် ပျော်ပွဲရွှင်ပွဲများပါဝင်သည့် ပွဲလမ်းသဘင်များစွာကို ပြုလုပ်ခဲ့သလို ယခုအခါတွင်လည်း မြန်မာ့နှစ်ကူးအချိန်ခါကို အသုံးချ၍ သင်္ကြန်ပွဲတော်အတွက် အစွမ်းကုန်ပြင်ဆင်မှုများရှိကြောင်း သိရသည်။ 

သို့သော်လည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် စစ်ဒဏ်ခံနေရသော ဒေသများ၊ စစ်ဘေးရှောင်များစွာရှိနေသလို တော်လှန်ရဲဘော် ပြည်သူများကိုလည်း ငဲ့ကွက်၍ စစ်ကောင်စီနှင့် အပေါင်းအပါများကျင်းပပြုလုပ်မည့် ပွဲများတွင် သွားရောက်ဆင်နွှဲခြင်းမပြုရန် Yangon Revolution Force - YRF မှ တောင်းဆိုလာသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required