သာယာဝတီထောင်မှ နိုင်ကျဉ်း ၁၅ ဦးကို ရိုက်နှက်ပြီး ၁၀ ရက်ကြာ တိုက်ပိတ်

By 001(မဇ္စျိမ)
05 April 2023
သာယာဝတီထောင်မှ နိုင်ကျဉ်း ၁၅ ဦးကို ရိုက်နှက်ပြီး ၁၀ ရက်ကြာ တိုက်ပိတ်

။ ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ပြီး ၁၀ ရက်ကြာတိုက်ပိတ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက သတင်းပေးပို့သည်။

၎င်းတို့မှာ အသက် ၂၁ နှစ်မှ ၂၅ နှစ်အတွင်း အရွယ်ခန့်ရှိကြသည့် တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး  မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ၁၀ ရက်ကြာတိုက်ပိတ်ခံရခြင်းဖြစ်သည်။ 

ရိုက်နှက်ခံရသူများအနက် ကိုရဲထွဋ်ခေါင်၊ ကိုမင်းသူအောင်၊ ကိုစည်သူဟိန်း၊ ကိုအောင်ကြည်သိန်းနှင့် ကိုသက်ပိုင်ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိထားကြောင်း သိရသည်။

“ ဒီနေ့တော့ တိုက်ကနေထုတ်ပေးလိုက်ပြီလို့ ကြားတယ်။ ဒဏ်ရာတွေ ဆေးကုသခွင့် ရ၊ မရတော့ မသိသေးဘူး”ဟု နီးစပ်သူက ပြောသည်။အဆောင် (၅) ရှိ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ပုံစံ မထိုင်တတ်၍ဟုဆိုပြီး စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက မတ်လ ၁၃ ရက်တွင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ထိုအကျဉ်းသူကို ဆက်လက်မရိုက်နှက်ရန် ဝင်ရောက်တားမြစ်သည့် နောက်ထပ် အကျဥ်းသူတစ်ဦးကိုပါ ထပ်မံရိုက်နှက်ပြီး နှစ်ဦးစလုံးကို တိုက်ပိတ်ခဲ့သည်။

ရိုက်နှက်ခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူနှစ်ဦးကို တိုက်ထဲမှ ထုတ်ကာ ဆေးကုပေးရန် အဆောင် (၃) ရှိ နိုင်ငံရေးအကျဥ်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
 
မတ်လ ၂၇ ရက်နေ့ တန်းပိတ်ချိန်တွင် အထဲမဝင်ဘဲ ဆန္ဒပြခဲ့သည့်အတွက် အဆိုပါအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းများက ထပ်မံရိုက်နှက်ပြီး တိုက်ပိတ်ခဲ့ခြင်းဟု သိရသည်။

သာယာဝတီထောင်သို့ အသစ်ပြောင်းရွှေ့လာသူများကိုလည်း ထောင်ဝန်ထမ်းများက နေ့တစ်ဝက်ခန့် ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်နေကြောင်း၊ လူဦးရေ ၅၀ သာဆန့်သည့် အခန်းတွင် လူဦးရေ၉၀ ခန့်ထည့်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

အဆိုပါအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက ရိုင်းပြစွာဆဲဆိုမှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိသည့်အပြင် ပြစ်ဒဏ်တွင်မပါဝင်သည့် အလုပ်ကြမ်းများလည်း ခိုင်းစေကြောင်း နီးစပ်သူများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ အာဏာသိမ်းချိန်မှစတင်၍ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ဦးရေ စုစုပေါင်း ၁၇,၃၃၆ ဦး ရှိပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required