ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ပြည်သူ ၁၀ ဦး သေဆုံး 

By ပါခွီး မဇ္စျိမ
30 March 2023
ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ပြည်သူ ၁၀ ဦး သေဆုံး 

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးရှိ ခွါဖိုရွာ(Khuafo)ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

မတ်လ ၃၀ ရက် ယနေ့နံနက် ၉ နာရီခန့်တွင် ထန်တလန်မြို့နှင့် ငါးမိုင်ခန့်ဝေးသော ခွာဖိုကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် သေဆုံးသူများအပြင် ဒဏ်ရာရရှိထားသူများလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူအသေအပျောက်စာရင်း မှာ တိုးလာနေဆဲဖြစ်ကာ လူနေအိမ်များလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်ကြောင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှု အသေး စိတ်အခြေအနေများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ခွာဖိုကျေးရွာအနီးတွင် ကာကွယ်ရေးတပ်များ အခြေချတပ်စွဲထားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆာင်များက ပြောသည်။

ယင်းအပြင် မတ်လ ၂၉ ရက် ညကလည်း ဖလမ်းမြို့တွင် တပ်စွဲထားသည့် ခလရ (၂၆၈) မှ ပစ်ခတ်သော လက်နက်ကြီးသည် ဖလမ်းမြို့နှင့် မိုင် ၂၀ ကျော်အကွာအဝေးရှိ ဘွာလ်ခွါကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သည်။

ဘွာလ်ခွါကျေးရွာ၌ ကိုယ်ထူကိုယ်ဖွင့်လှစ်ထားသောကျောင်းတွင် တာဝန်ထမ်းဆောင်မည့် စေတနာ့ ဝန်ထမ်းဆရာအဖြစ်သင်တန်းဆင်ပွဲပြုလုပ်နေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘွာလ်ခွါကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုတွင် လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်းလည်း သိရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly