ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ဦးသေ ၂ဦး ဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
01 September 2023
ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ဦးသေ ၂ဦး ဒဏ်ရာရ
ပုံအညွှန်း- ထန်တလန်မြို့

ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်ဒေသခံအမျိုးသားတဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရသိရသည်။

ထန်တလန်မြို့နှင့် ၁၀မိုင်အကွာရှိ ထလွာလမ်(Thlualam) ရွာကို ဩဂုတ်လ ၃၀ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာတွင် ထိခိုက်သေဆုံး ခဲ့ခြင်းဖြစ်သည်။

“ စစ်ဘေးရှောင်သေသွားတယ်လို့သိရတယ် ။ ထန်တလန်နဲ့ အဲဒီရွာက မြေပြင်က ၁၀မိုင်လောက်ရှိတယ်ဆိုပေမဲ့ လေမိုင်ကျတော့နီးပါတယ်။ တစ်မိုင် လောက်ပေါ့” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

သေဆုံးသွားသူမှာ အသက်(၄၂) နှစ်အရွယ်ရှိ ဦးကြာထန်းဆိုသူဖြစ်ပြီး ကလေး လေးဦး၏ ဖခင်ဖြစ်ကာ အဆိုပါရွာသို့ စစ်ဘေးရှောင်ခိုလှုံနေသောသူဖြစ်ကြောင်း သိရသည်။

ရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသားနှစ်ဦး မပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၂၇နှင့် ၂၈ရက်များတွင် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ငါးခု အပြင် မြို့တွင်းရှိတပ်စခန်းငယ်နှစ်ခုနှင့် ဟားခါး - ထန်တလန်အကြားရှိ အော်တိုတောင်တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang က ဩဂုတ်လ ၃၀ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

Tilim Operation(03) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် CDF – Thantlang ၊ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့  (ဟားခါး) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးပြီး ၅၀ကျော်ဒဏ်ရာ ရရှိသွားသည့်အပြင် သေနတ်ငါးလက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သော CNA မှ ငါးဦး ၊ CDF – Zophei ငါးဦး ၊ CDF – Thantlang လေးဦးနှင့် CDF – Hakha မှ ရဲဘော်တစ်ဦး စုစုပေါင်း ၁၅ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ယင်းသို့ နှစ်ဖက်အကျအဆုံးများပြားခဲ့သော ထန်တလန်မြို့တွင် စက်တင်ဘာလ ၁ရက် ယနေ့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ  နှစ်ဖက်ဆက်လက်တပ်စွဲထားလျက် ရှိကြောင်း ချင်းတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့များအတွက် စစ်ရေးအရ အရေးပါသော နေရာဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တိုင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ခဲ့သဖြင့် ဒေသခံများ တိမ်ရှောင်နေခဲ့ကြရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required