ပူတာအိုခရိုင်အတွင်း ကေအိုင်အေက ဘိန်းခင်းဧက ၁၀၀ ကျော် ဖျက်ဆီး

By အဂမ်
16 March 2023
ပူတာအိုခရိုင်အတွင်း ကေအိုင်အေက ဘိန်းခင်းဧက ၁၀၀ ကျော် ဖျက်ဆီး

မဇ္ဈိမ။     ။ကချင်ပြည်နယ်၊ ပူတာအိုတွင် ကေအိုင်အေက ဘိန်းခင်းဧက ၁၀၀ ကျော်ခန့်ကို ဖျက်ဆီးထားနိုင်ခဲ့ပြီ ဖြစ်တယ်လို့ အဆိုပါ ဘိန်းခင်းဖျက်တဲ့ လုပ်ငန်းမှာပါဝင်ခဲ့သည့် ကေအိုင်အေတပ်မှ သတင်းရင်းမြစ်က ဆိုသည်။

ပူတာအိုခရိုင်အတွင်းမှာရှိသည့် စစ်ကောင်စီတပ်နယ်မြေနှင့်နီးသည့် နေရာများမှာ စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းဧက ၁၀၀ ကျော်ကို ကေအိုင်အေက ဖေဖော်ဝါရီလကုန်လောက်မှာ ဖျက်ဆီးထားနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုလအတွင်းမှာလည်း ဆက်ပြီး ဘိန်းခင်းများကို ကေအိုင်အေက ဦးဆောင်က ဆက်လက်ဖျက်ဆီးနေဆဲ ဖြစ်တယ်လို့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းစဥ်မှာ ပါဝင်ခဲ့သည့် ကေအိုင်အေတပ်မှ အရာရှိတစ်ဦးက အခုလိုပြောသည်။

" ကျနော်တို့ဘက်မှာတော့ ဒီလိုစိုက်ခွင့်မပေးထားတော့ တပ်နဲ့နီးစပ်တဲ့ဘက်မှာစိုက်လာကြတာ ဟုတ်တယ်။ ကျနော်တို့က အဲ့တာကို လိုက်ဖျက်ခဲ့တာပါ" ဟု ဆိုသည်။

ယခုလို ဘိန်းခင်းဖျက်ဆီးခြင်းကို ကေအိုင်အေတပ်က အဓိကဦးဆောင်ပြီး၊ PDF တပ်ဖွဲ့ဝင်များ၊ ကချင်လူထု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များနဲ့ ဒေသခံ ကချင်လူထုအချို့ ပူးပေါင်းကာ တားဆီးဖျက်ဆီးခဲ့ကြ ခြင်း ဖြစ်သည်။

ကေအိုင်အေတပ်မှ စစ်ကောင်စီတပ်နဲ့နီးစပ်သည့် နေရာများက ဘိန်းခင်းများလိုက်လံဖျက်ဆီးနေချိန် ပူတာအိုခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှလည်း အဆိုပါလုပ်ငန်းစဥ်ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုများကို စတင်လှုပ်ရှားလာခဲ့တယ်လို့ အဆိုပါ ကေအိုင်အေတပ်အရာရှိက ဆက်ပြောသည်။

" ကျနော်တို့က ဒီဘက်မှာ ဘိန်းခင်းတွေစဖျက်လာတာကို သူတို့လည်း သိတာနဲ့ စစ်ကြောင်းတွေ စလှုပ်ရှားလာတယ်။ ကျနော်တို့ တပ်ရင်းအချို့နဲ့တောင် ဒီရက်ပိုင်း ထိတွေ့မှုရှိလာခဲ့တယ်" ဟု ဆက်ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကချင်ပြည်နယ် ပူတာအိုခရိုင်ဒေသဘက်သို့ စစ်ကောင်စီတပ်၏ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ဖြစ်သော ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်ကာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. wichai chai mongkom နှင့် ကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီမှ မြန်မာနိုင်အတွင်းက မူးယစ်ဆေးဝါးတားဆီးရေး ထိန်းချုပ်လုပ်ဆောင်နေမှုကို ဟန်ပြသက်သက် ခေါ်ပြခဲ့သေးကြောင်း mizzima မှ သက်သေဓာတ်ပုံ အထောက်အထားများစွာကို ရရှိခဲ့သည်။

စစ်ကောင်စီအာဏာမသိမ်းခင်က ပူတာအိုဒေသတွင် ဘိန်း စိုက်ပျိုးရောင်းဝယ်မှုက သိသိသာသာနည်းခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုး၊ ရောင်းဝယ် ဖောက်ကားမှုများက အဆမတန် မြင့်တက်လာနေခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required